မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် သစ်ပင်စိုက်ပျိုးပွဲနှင့် လူငယ်တွေ့ဆုံပွဲအခမ်းအနား ကျင်းပ

မိတ္ထီလာ ဇွန် ၂၂

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် သစ်ပင်စိုက်ပျိုးပွဲနှင့် လူငယ်တွေ့ဆုံပွဲအခမ်းအနားကို ယနေ့ နံနက် နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ မိတ္ထီလာစီးပွားရေး တက္ကသိုလ်၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)၊ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမောင်သင်းနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစစ်နိုင်၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ မန္တလေးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းအောင်ကြည်၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြသန္တာနှင့် ဌာနမှူးဆရာဆရာမများ၊ လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ မိတ္ထီလာစီးပွားရေး တက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြောင်း သိရသည်။

ဦးစွာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)၊ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမောင်သင်းမှ သစ်ပင်စိုက်ပျိုးရခြင်း၏အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့မှ မိတ္ထီလာစီးပွားရေးတက္ကသိုလ်သို့ စိုက်ပျိုးရန် ပျိုးပင်(၁၀၀)အား ပေးအပ်ခဲ့ပြီး ပြည်ထောင် စုဝန်ကြီးနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် ကျောင်းသား/ ကျောင်းသူများမှ ပျိုးပင်များ စနစ်တကျ စိုက်ပျိုးခဲ့ကြပြီး   ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီနှင့် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်တွေ့ဆုံပွဲ အခမ်းအနားကို  နံနက် ၁ဝ နာရီအချိန်တွင် မိတ္ထီလာစီးပွားရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ(၁)၊ လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းမှ အဖွင့်အမှာစကား ပြောကြားရာတွင်  နိုင်ငံတော်အနေနဲ့ အနာဂတ်နိုင်ငံ့တာဝန်တွေကို ပခုံးပြောင်းတာဝန် ထမ်းဆောင်ကြမယ့် လူငယ်များကို တက်ကြွပြီး စွမ်းရည်ထက်မြက်တဲ့ နိုင်ငံ့သယံဇာတများ ဖြစ်အောင်အလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခင်က လူငယ်များအတွက် သီးသန့်ဆောင်ရွက်ပေးမည့် ဝန်ကြီးဌာနဟူ၍ သီးခြားမရှိခဲ့ကြောင်း၊ ယခုလက်ရှိအစိုးရလက်ထက်တွင် အနာဂတ် လူငယ်လူရွယ်များ၏ဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်သမ္မတကြီးမှ လူငယ်ရေးရာ ဝန်ကြီးဌာနကို သီးခြားဝန်ကြီးဌာနအဖြစ် ပထမဦးဆုံး ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကြောင်း၊ လူငယ်များ အနေနဲ့ မိမိတို့အပေါ် ကျရောက်လာတဲ့ သမိုင်းပေးတာဝန်တွေကို ယခုမောင်တို့ မယ်တို့ မျိုးဆက် မှစ၍ ကျေပွန်ကြရန်လိုအပ်ကြောင်း၊ မိမိတို့မျိုးဆက်တွင်နိုင်ငံ့ဖွံ့ဖြိုးမှုအစစီးပွားရေးက ဖြစ်အောင် ကြိုးစားကြရန်လိုကြောင်း၊ နိုင်ငံရဲ့GDPအမြင့်ဆုံးဖြစ်စေရန် ဆန်းသစ်တီထွင်မှုများကို လုပ်ဆောင် ကြရန်လိုကြောင်း၊ ဘွဲ့တစ်ခုရရုံမျှသာ ပညာမသင်ကြားပဲ မိမိတို့နိုင်ငံကို မိမိတို့မျိုးဆက်မှစ၍ စီးပွားရေးအမြင့်ဆုံးရအောင် ကြိုးစားသွားကြရန်လိုကြောင်း၊ လူငယ်များရဲ့စွမ်းဆောင်ရည်နဲ့ သမိုင်းအစဉ်အလာများအရဆိုလျှင် လူငယ်တွေဟာ နိုင်ငံတော်အတွက်အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတာကို တွေ့မြင်နိုင်ကြောင်း၊​ နိုင်ငံတော်ရဲ့အနာဂတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေ ရေးအတွက် အစဉ်အလာကောင်း တွေရှိခဲ့တဲ့ မိတ္ထီလာနယ်မှ စတင်နိုင်မည်လို့ ယုံကြည်ကြောင်း၊ မောင်တို့မယ်တို့အနေဖြင့်လည်း ယခုမိတ္ထီလာစီးပွားရေး တက္ကသိုလ်မှစ၍ နိုင်ငံတကာ မှာစီးပွား ရေးအဖွံ့ဖြိုးဆုံးနိုင်ငံဖြစ်အောင် ကြိုးပမ်းသွားနိုင်မယ်လို့ ယုံကြည်ကြောင်း၊လူငယ်များအနေနဲ့ လည်း မိမိတို့ဘဝခရီးလမ်းတစ်လျှောက် မိမိတို့ပန်းတိုင်ကိုသာ တစိုက်မတ်မတ်ကြိုးစား သွားကြရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)၊ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းက မိတ္ထီလာစီးပွားရေးတက္ကသိုလ်သို့ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ရာ မိတ္ထီလာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြသန္တာမှ လက်ခံရယူခဲ့ပါသည်။

ဆက်လက်ပြီး မန္တလေးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဦးစိုင်းအောင်ကြည်က အမှာစကား ပြောကြားခဲ့ပြီး မိတ္ထီလာစီးပွား ရေးတက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။ ထို့နောက် မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှ ကျောင်းသားကျောင်းသူများက သိလိုသည် များမေးမြန်းခဲ့ရာ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမောင်သင်းက ပြန်လည် ရှင်းလင်းဖြေကြားသည်။

ဆက်လက်ပြီး မွန်းလွဲပိုင်းတွင် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းသည် မိတ္ထီလာမြို့နယ် တုန်းအိုင်ကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းခွဲသို့ စာအုပ်နှင့် ကျောပိုးလွယ်အိတ်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)