တနင်္သာရီတိုင်းဒေသကြီးတရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ (၂/၂ဝ၂၆) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ထားဝယ် ဇွန် ၂၂

တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ (၂/၂ဝ၂၆) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ညနေ ၃ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ရန်ကြီးအောင်က အထူးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တစ်လလျှင်တစ်ကြိမ် ပုံမှန်ပြုလုပ်ကျင်းပဆောင်ရွက်လျက်ရှိကြောင်း၊ သက်ဆိုင်ရာဌာနများနှင့် ခရိုင်အထူးအဖွဲ့များအနေဖြင့် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အလေးထားလိုက်နာဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ တရားမဝင်ကုန်သွယ်ရေးနှင့် ပတ်သက်၍ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီက ချမှတ်ပေးထားသည့် မဟာဗျူဟာများ၊ နည်းဗျူဟာများသည် တရားမဝင်ကုန်သွယ်မှုများ၊ လျော့နည်းပပျောက်စေရေး တရားဝင်ကုန်သွယ်မှုလမ်းကြောင်းပေါ် ရောက်ရှိစေရေး ချမှတ်ပေးထားသော ဗျူဟာများဖြစ်သည့်အတွက်ကြောင့် အလေးအနက်ထားအကောင် အထည်ဖော်ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ တိုင်းနှင့်ခရိုင်အထူးအဖွဲ့များအနေဖြင့်လည်း လုပ်ငန်းများဆောင်ရွက်သည့်အခါ အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် သတ်မှတ်ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ ခရိုင်/မြို့နယ်တိုက်ဖျက်ရေးအထူးအဖွဲ့များအနေဖြင့် တိုင်းဒေသကြီးအတွင်းတရားမဝင် ခဲ၊ သတ္တုများ တူးဖော်ရောင်းချမှုမရှိစေရေး၊ စားသုံးဆီနှင့် စက်သုံးဆီများ တရားမဝင် တင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချမှု မရှိစေရေး၊ လိုင်စင်မဲ့မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ တင်သွင်းမှုမရှိစေရေး၊ သစ်တောနှင့်သစ်တောထွက်ပစ္စည်းများ တရားမဝင် သယ်ဆောင်ရောင်းချမှုမရှိစေရေး၊ ရာဘာများ ပြည်ပနိုင်ငံသို့ တရားမဝင်တင်ပို့မှုမရှိစေရေးတို့အတွက်  စဉ်ဆက်မပြတ် ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊  တိုင်းဒေသကြီး ခရိုင်/ မြို့နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များအနေဖြင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လမ်းညွှန်ချက်နှင့်အညီ တရားမဝင်ကုန်သွယ်မှုများ မဖြစ်ပေါ်စေရေးနှင့် တရားဝင်လမ်းကြောင်းပေါ် ရောက်ရှိစေရေးတို့အတွက် အထူးအလေးထား  ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်း၊စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမောင်ကြီးနှင့် တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းတို့က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး ခရိုင်/မြို့နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များက ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်လုပ်ငန်း များနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက  ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရသည်။

ကျော်ကျော်လတ် (ပြန်/ဆက်)