မိတ္ထီလာမြို့နယ်၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

မိတ္ထီလာ ဇွန် ၂၃

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌  လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပသည်။

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဆန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်ဝိုင်းတို့က အမှာစကားပြောကြားခဲ့ပြီး ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း (မိတ္ထီလာ)မှ ကျောင်းအုပ်ကြီး ဒေါ်ဖြူဖြူမြင့်က သင်တန်းဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် ကျောင်းအုပ်ကြီးက သင်တန်းသားသင်တန်းသူများအား သင်တန်းသုံးကုန်ကြမ်းပစ္စည်းများပေးအပ်သည်။

အဆိုပါသင်တန်းကို သင်တန်းသား သင်တန်းသူ ၂၀ ဖြင့် သင်တန်းကာလ ၃ ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းတွင် ပြည်တွင်းမှာဝယ်ယူရရှိနိုင်သည့် ကုန်ကြမ်းပစ္စည်းများကို အခြေခံပြီး လူသုံးကုန်ပစ္စည်းအမျိုးမျိုးကို သွင်းကုန်အစားထိုး ထုတ်ကုန်ပစ္စည်းအဖြစ် စနစ်တကျ ထုတ်လုပ်လာနိုင်အောင်သင်ကြားပေးမည်ဖြစ်ပြီး ဓါတုဗေဒကုန်းကြမ်းပစ္စည်းများအကြောင်း၊ အဝတ်လျှော်ဆပ်ပြာဆီ၊  ရေချိုဆပ်ပြာ၊  တရော်ကင်းပွန်းခေါင်းလျှော်ရည်၊ မျက်နှာသစ်ဆပ်ပြာခဲ၊ ပန်းကန်ဆေး/လက်ဆေး ဆပ်ပြာဆီ၊ Hand Gel  စသည့် ဆပ်ပြာပြုလုပ်နည်းများကို သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)