မိုးကောင်းမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းပို့ချ

မိုးကောင်း ဇွန် ၂၃

ဥပဒေရေးရာဝန်ကြီးဌာန၊ ကချင်ပြည်နယ် ဥပဒေချုပ်ရုံး၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ဥပဒေရုံးမှ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဇွန်လ(၂၂)ရက် နံနက် (၉) နာရီတွင် ကျင်းပသည်။

နိုင်ငံတော်သမ္မတကြီး၏ လူတိုင်းဥပဒေအသိပညာရှိရမည်ဆိုသည့် လမ်းညွှန်ချက်ကို တရား ဥပဒေစိုးမိုးရေးတွင် အညွှန်းကိန်းအဖြစ်ဖော်ဆောင်သည့်အနေဖြင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းဖွင့်လှစ်ကာ မိုးကောင်းမြို့နယ် အတွင်းရှိပြည်သူများကို ဥပဒေအသိပညာပြန်လည်ပြန့်ပွားစေရေးအတွက် သင်တန်းပို့ချခြင်း ဖြစ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ယာယီရဲမှူး မြင့်သိန်းထွန်းနှင့် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းတို့က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဥပဒေရုံးမှ မြို့နယ်ဥပဒေအရာရှိ ဒေါ်ထက်ဟန်ငြိမ်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက် ၍ ပြောကြားသည်။

သင်တန်းတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရာဇသတ်ကြီး၊ ရာဇဝတ်ကျင့်ထုံးဥပဒေ၊  ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေနှင့် နည်းဥပဒေ၊ လောင်းကစားဥပဒေ၊ လောင်းကစားဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည် ခြင်းဥပဒေနှင့် နည်းဥပဒေ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများကို ဥပဒေရေးရာဝန်ကြီးဌာနမှ ထုတ်ဝေသော သင်ရိုးညွှန်းတမ်းနှင့်အညီ သင်ကြား မည်ဖြစ်သည်။

အဆိုပါသင်တန်းကို မြို့နယ်ဥပဒေရုံးမှ မြို့နယ်ဥပဒေအရာရှိနှင့် ဒုမြို့နယ်ဥပဒေအရာရှိများက သင်ကြားပို့ချပြီး ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင်ရာရပ်/ကျေးစာရေးများ တက်ရောက်ကာ သင်တန်းကို ဇွန်လ (၂၆) ရက်ထိ (၅) ရက်တာသင်တန်းကာလ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)