ဘုတ်ပြင်း ဇွန် ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ဇွန်လ ၂၃ ရက်နေ့က အတွင်းဘုတ်ပြင်းကျေးရွာအုပ်စု ခဲမိုင်းကျေးရွာ အ.လ.က(ခွဲ)သဲစုပ်စက်မိုင်း ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေး ဟောပြောပွဲတွင် အ.လ.က(ခွဲ)သဲစုပ်စက်မိုင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းဦးက အသိပညာပေးဟောပြောပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ပြောကြားသည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ သတိပြု ရှောင်ရှားရမည့်အချက်များ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင်း ဖြစ်ပေါ်နိုင်သည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်အလက်များ ၊ ဆောင်ရန်ရှောင်ရန်များကို အသီးသီး ဟောပြောခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်သည့် အသိပညာပေးမှတ်တမ်းဓာတ်ပုံများ၊ စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာ ဖတ်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)