လင်းခေး ဇွန် ၂၃
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်ဗျူဟာအဖွဲ့(အခြေချ)(လင်းခေး)တပ်နယ်မိသားစု၏ (ပထမအကြိမ်)မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့ နံနက်၇နာရီက တပ်နယ်စိုက်ကွင်းအတွင်း ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါစိုက်ပျိုးပွဲတော်မကျင်းပမှီ တပ်နယ်မှူးက တပ်နယ်အတွင်းရှိ တပ်ရင်း တပ်ဖွဲ့ တာဝန်ရှိသူအသီးသီးတို့ထံ ပျိုးပင်များပေးအပ်ပါသည်။ ယင်းနောက် တပ်နယ်မှူး ဗိုလ်မှူးကြီးကျော်ထွန်းလတ်ဦးဆောင်ကာ တက်ရောက်လာသူအားလုံးက ကျွန်းပင်(၅၀၀)ပင်အား တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးခဲ့ကြပြီး၊ တပ်နယ်မှူးနှင့်အဖွဲ့က စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကို လိုက်လံကြည့်ရှုအားပေးခြင်းနှင့် အမှတ်တရစုပေါင်း မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်းဆောင်ရွက်ခဲ့ကြပြီးနောက် စိုက်ပျိုးပွဲတော်အား ရုပ်သိမ်းလိုက်ပါသည်။
အဆိုပါပွဲတော်သို့ တပ်နယ်မှူးနှင့်တပ်နယ်မိသားစုဝင်များ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများ စုစုပေါင်း(၄၅၀)ဦးတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
စိုင်းဇော်လတ်(လင်းခေး)