နွားထိုးကြီးမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်လုပ်ငန်းများ ဆောင်ရွက်

နွားထိုးကြီး၊   ဩဂုတ်  ၆

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ မြို့ပေါ် (၈) ရပ်ကွက်အတွင်းရှိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်းများ လစဉ်ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် (၈) နာရီခွဲက ထိုးနှံ၊ တိုက်ကျွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးရာတွင် အသက်၂ လမှ ၁ နှစ်ခွဲအထိ ကလေးငယ်များကို အသက်အရွယ်အလိုက် ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊အသည်းရောင်အသားဝါ (ဘီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန်အဆုပ်ရောင် (ပီစီဗွီ)၊ ဝက်သက်၊ ပိုလီယိုကာကွယ်ဆေးများ ထိုးနှံ၊ တိုက်ကျွေးပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား ဆုံဆို့၊ မေးခိုင်၊ ပိုလီယိုကာကွယ်ဆေး (အိုင်ပီဗွီ) စသည့် ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။     

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများက လူမှုရေးအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask များ တပ်ဆင်လာစေရေး၊ လူစုလူဝေးမဖြစ်စေရေးတို့ကို စီမံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နိုင်လင်း (ပြန်/ဆက်)