(၃၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ

ချမ်းမြသာစည် ဇွန် ၂၃

(၃၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မြင့်ကေသွယ်ခိုင်က အမှတ် (၂၃) အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးပြီး အနာဂတ်တွင် အကျင့်စာရိတ္တ ကောင်းမွန်သော လူတော်လူကောင်းများ ဖြစ်လာစေရန် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် ဝန်ထမ်းများမှ ခင်းကျင်းပြသထားသော အသိပညာ​ပေးနံရံကပ်ပိုစတာများ၊ သုတ/ရသ စာအုပ်စာစောင်များကို အခမ်းအနားသို့တက်ရောက်လာသော ဆရာ/ဆရာမများ၊ ကျောင်းသား/သူများမှ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့သည်။

ဆက်လက်၍ ပုံပြင်ပြော၊ ကဗျာရွတ်၊ စာစီစာကုံး၊ အခြေခံပန်းချီရေးဆွဲခြင်းပြိုင်ပွဲနှင့် စာဖတ်စွမ်းရည် ပြိုင်ပွဲများ ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အလင်းသစ် (ပြန်/ဆက်)