မိုင်းနောင် ဇွန် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့၌ သစ်တောဦးစီးဌာနမှ ပြည်သူများအား သစ်တော၊ သစ်ပင်၏ တန်ဖိုးများကိုသိရှိနားလည်စေရန်၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးကို အလေးထားတတ်စေရန်၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့်မျက်စိပသာဒအကျိုးများရရှိစေရန်ရည်ရွယ်၍ ယမန်နေ့ နံနက်(၇)နာရီက စူဠာမဏိ လယ်ကွင်းဘုရားပတ်ဝန်းကျင်နှင့် မိုင်းနောင်တပ်နယ်များတွင် (ပထမအကြိမ်) စုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ မိုင်းနောင်တပ်နယ်မှူးမှ ဗိုလ်မှူးကြီးမင်းသိန်းကျော်မှ ခြေလျင်တပ်ရင်းအသီးသီးမှ တာဝန်ရှိသူများနှင့် မြို့အုပ်ချုပ်ရေးမှူး ဦးစည်သူထွန်းအားလည်းကောင်း၊ တောအုပ်ဦးကျော်ကျော်သာက ဌာနဆိုင်ရာများနှင့် မြို့အုပ်ချုပ်ရေးမှူး ဦးစည်သူထွန်း၊ ရှမ်းစာပေနှင့်ယဥ်ကျေးမှုအသင်းနှင့် နမ့်ခုံးရှမ်းများပရဟိတအသင်းများမှ တာဝန်ရှိသူများအား ပျိုးပင်များပေးအပ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ၂၀၂၆ခုနှစ် (ပထမအကြိမ်)စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်သို့ မိုင်းနောင်တပ်နယ်မှအရာရှိစစ်သည်များနှင့် ရဲမေများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ မိဘပြည်သူများက ခါတော်မီ(၅၀)ပင်၊ စိန်ပန်းနီ (၂၀၀)ပင်၊ စိန်ပန်းပြာ(၃၀၀)ပင်၊ ပနားမားငု(၂၅၀)ပင်နှင့် စိန်တံချူ(၂၀၀)ပင်၊ စုစုပေါင်းပျိုးပင်(၁၀၀၀)ပင်တို့ကို ပျော်ပျော်ပါးပါးစုပေါင်းစိုက်ပျိုးကြကြောင်း သိရှိရသည်။
မနန်း(မိုင်းနောင်)