ခိုင်ကမ်း ဇန်နဝါရီ ၂၁
တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့တွင် မိခင်နှင့်ကလေးကျန်းမာရေး သားဆက်ခြားနည်းဆိုင်ရာ အသိပညာပေး လုပ်ငန်းနှင့် မျိုးဆက်ပွားကျန်းမာရေးနှင့်ပတ်သက်သည့် အရည်အသွေးမြှင့် ဝန်ဆောင်မှုလုပ်ငန်းကို မြို့ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းကို တီးတိန်မြို့ အခြေစိုက် MARIE STOPES MYANMAR Reproduction Choice မှ လာရောက်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးများခေတ်မီ သားဆက်ခြားနည်းများ လက်လှမ်းမီပြီး အလွယ်တကူရရှိစေရန်၊ မလိုလားအပ်သော ကိုယ်ဝန်ဆောင်ရခြင်းများ၊ ဖျက်ချနှုန်း၊ ပျက်ကျနှုန်းနှင့် ကလေးမိခင်သေဆုံးနှုန်း လျော့ကျစေရန်ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း အဖွဲ့ခေါင်းဆောင် ဒေါက်တာ အေမီကြိုင်ထံမှ သိရှိရသည်။
ခိုင်ကမ်းမြို့သို့ သားဆက်ခြားလုပ်ငန်းများဆောင်ရွက်ရန်အတွက် သုံးလလျှင်(၁)ကြိမ်နှုန်း သတ်မှတ် ဆောင်ရွက်ခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ခရီးသွားလာမှု မြို့ခြားနယ်ခြား ဝင်ထွက်သွားလာမှု ခက်ခဲခြင်းများကြောင့် ဆောင်ရွက်နိုင်ခြင်းမရှိသည့် လများလည်းရှိကြောင်း သိရှိရသည်။
ဝုန်လွန်းညောင်(ခိုင်ကမ်း)