ကလော ဇွန် ၂၃
သစ်တောဂေဟစနစ်များ တိုးတက်လာနိုင်စေရေး၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုပြောင်းလဲလာမှုကို ရင်ဆိုင်တုံပြန်နိုင်ရေးအတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့အမှတ် (၂) တပ်မတော်ဆေးရုံကုတင် (၇၀၀) ဆေးရုံဝန်းတွင် ဇွန်လ ၂၁ ရက်နေ့ နံနက် ၈ နာရီက မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပခဲ့ရာ ကလောတပ်နယ်မှူး၊ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲနှင့်ဝန်ထမ်းများ၊ တပ်မတော်သားများ၊ ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကလောတပ်နယ်မှူး၊ စစ်ဦးစီးတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဇေယျာဝင်းက မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ တော်ကျင်းပရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့ပြီး ကလောတပ်နယ်မှူးနှင့် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများက စိုက်ပျိုးမည့် ပျိုးပင်များအသီးသီးပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။
ထို့နောက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်လာကြသူများက ထင်းရှူးပင် (၃၀၀)၊ ခါတော်မီပင် (၁၆၀)၊ စိန်ပန်းပြာပင် (၁၅၀)၊ ချယ်ရီပင် (၁၅၀)၊ စုစုပေါင်းပျိုးပင် (၇၆၀) ပင်တို့ကို စိုက်ပျိုးခဲ့ကြကြောင်း သိရှိရသည်။
ကျော်ဝင်း(ကလော)