ပင်လောင်း ဇွန် ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုတို့ ပူးပေါင်းကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်သည်။
ပြိုင်ပွဲတွင် ပင်လောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့်ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူခုနှစ်ဦးက မူးယစ်ဆေးဝါးပပျောက်ရေး ဒို့အရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် ပြိုင်ပွဲဝင် (၃၆)ဦးက မူးယစ်ရှောင်ရှားပြည်သူများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူလတန်းအဆင့်ပြိုင်ပွဲဝင် (၁၉) ဦးက ရှောင်လေဝေးဝေး မူးယစ်ဆေး ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် မွန်းလွဲ ၂ နာရီအချိန်က ဆုချီးမြှင့်ခြင်းအခမ်းအနား ဆက်လက်ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး ရဲမှူးစိုးမိုးထွန်းက အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မူမြစောက ပြိုင်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး ရဲမှူးစိုးမိုးထွန်း၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု ရဲမှူးဝင်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်၊ နံရံကပ်ဓာတ်ပုံများကို ကျောင်းသား/ကျောင်းသူများက ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်