ဟားခါး ဇန်နဝါရီ ၂၂
ဟားခါးမြို့နယ်၊ သီနမ်းကျေးရွာတွင် လူကုန်ကူးမှု မှုခင်းဆိုင်ရာ၊ ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းဆိုင်ရာနှင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့်အညီ ယမန်နေ့က ဟားခါးမြို့နယ်၊ သီနမ်းကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အသိပညာပေးခြင်းကို ဟားခါးလူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုရဲအုပ်အေးမင်းဦးက လူကုန်ကူးမှု မှုခင်းဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ ဟားခါးမူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲအုပ်ကျော်လင်းဦးက မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ ဆောင်ရန် ရှောင်ရန်များကိုလည်းကောင်း၊ အမှတ်(၁၀၂)ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်ကိုကိုမောင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ ဟားခါးမြို့နယ်ရဲတပ်ဖွဲ့ မှူးရုံးမှ ဒုရဲမှူးကျော်ဇင်လင်းက မှုခင်းဆိုင်ရာ သိကောင်းစရာများကို လည်းကောင်း အသိပညာပေး ဟောပြောပေးခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကျေးရွာမှ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပြီး တာဝန်ရှိသူများမှ အသိပညာပေးဟောပြောရာတွင် ကဏ္ဍအလိုက် ပြည်သူများမှ သိရှိလိုသည်များ မေးမြန်းကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)