ငွေဆောင် ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ ၂၀၂၆ ခုနှစ်၊ ပုသိမ်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက် (၂၁) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအား ဝင်ရောက်ယှဥ်ပြိုင်မည့် ငွေဆောင်မြို့ကိုယ်စားပြုအသင်း ရွေးချယ်နိုင်ရေးအတွက် ရည်ရွယ်၍ အလားအလာရှိသော လူငယ်များအား စခန်းသွင်းလေ့ကျင့်ပေးခြင်းကို ယမန်နေ့ညနေပိုင်းကစတင်၍ ငွေဆောင်မြို့၊ Hotel @ The Sea ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါဘောလုံးပြိုင်ပွဲအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ပုသိမ်မြို့နယ် အားကစားနှင့်ကာယကော်မတီနှင့် ပုသိမ်မြို့နယ်ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်း၌ ကျင်းပသွားမည်ဖြစ်ပြီး အသင်းပေါင်း ( ၁၂ ) အသင်းကို အုပ်စု ( ၄) စုခွဲ၍ ယှဥ်ပြိုင်ကစားသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ငွေဆောင်မြို့ကိုယ်စားပြု အသင်းအတွက် ငွေဆောင်မြို့အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ မျိုးဆက်သစ် လူငယ်ဘောလုံး ကစားသမားများ မကျန်ရှိစေရေးနှင့် အရည်အချင်းပြည့်ဝသော ကစားသမားများကို ရွေးချယ်စုဖွဲ့နိုင်ရေးအတွက် ငွေဆောင်မြို့ အားကစားနှင့်ကာယပညာကော်မတီ၊ ငွေဆောင်မြို့ အားကစားအထောက်အကူပြုကော်မတီ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအသင်းများမှ အသင်းအုပ်ချုပ်သူများ၊ နည်းပြများနှင့် ကစားသမားများ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ကစားသမားများအား Camp သွင်းလေ့ကျင့်ခြင်းကို Hotel @ The Sea တွင် အခြေပြု၍ အုပ်စုအလိုက်နေရာများခွဲကာ နေ့စဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ငွေဆောင်မြို့ကိုယ်စားပြုအသင်းအနေဖြင့် အုပ်စုပွဲစဉ်များကို ဇူလိုင်လ ( ၄) ရက်နေ့နှင့် ( ၈) ရက် နေ့တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ဆုဖလားဆွတ်ခူးနိုင်ရေး၊ အသင်းလိုက်စည်းလုံးညီညွတ်မှု တိုးတက်ကောင်းမွန်ရေးနှင့်အကောင်းဆုံးစွမ်းဆောင်ရည်များ ပြသနိုင်ရေးအတွက် တာဝန်ရှိသူများက စည်းရုံးကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ငွေဆောင်မြို့မှ ထူးချွန်သော ဘောလုံးကစားသမားများ ပိုမိုပေါ်ထွန်းလာစေရေး၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုအဆင့် ဘောလုံးပြိုင်ပွဲများ ကျင်းပနိုင်ရေးတို့အတွက် ငွေဆောင်ဘောလုံးကွင်းအား အဆင့်မြှင့်တင်နိုင်ရေးကိုလည်း တာဝန်ရှိသူများက ကြိုတင်စီမံဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ကျော်လင်းဦး