ကျောက်ဆည် ဇွန် ၂၃
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက်ပိုင်းက ကျောက်ဆည် အသင်း(ရန်ကုန်)ကြီး၏ (၂၅)နှစ်မြောက် ငွေရတုအထိမ်းအမှတ်မဂ္ဂဇင်းထုတ်ဝေနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပသည်။
ဦးစွာ ကျောက်ဆည်မြို့နယ်စာရေးဆရာအသင်း ဂုဏ်ထူးဆောင်နာယက ဆရာတော် ဘဒ္ဒန္တပဏ္ဏိတ မိုး(ကျောက်ဆည်)က အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားသဘာပတိ စာရေးဆရာကြီး ဦးစိုးမြင့်ဒွဏ်း (အာယုဗေဒ)၊ ကဗျာဆရာ ဦးကျော်သန်း မောင်ခိုင်ကျော်(ကျောက်ဆည်)၊ ဦးချစ်ထွေး မောင်ချစ်ထွေး(မဟာဝိဇ္ဇာ)တို့က စာမူများပေးပို့ခြင်းများနှင့် မဂ္ဂဇင်းထုတ်ဝေမှုဆိုင်ရာပူးပေါင်း ဆောင်ရွက်သွားမည့်အကြောင်းများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် (၂၅)နှစ်မြောက် ငွေရတုအထိမ်းအမှတ်မဂ္ဂဇင်းထုတ်ဝေရေး အတွင်းရေးမှူး ဦးကျော်ဆွေ၊ စာတည်းမှူးချုပ် ဦးအောင်ကျော်စွာ (ဝမ်းဇော်ဦး-ကူမဲ)တို့က ကျောက်ဆည်အသင်း(ရန်ကုန်)မှ ဆောင်ရွက်လျက်ရှိသောလုပ်ငန်းစဉ်များအကြောင်းနှင့် ကဏ္ဍမျိုးစုံဖြင့်ငွေရတုမဂ္ဂဇင်းထုတ်ဝေသွားမည့် အကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်လာသည့် ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ တံတားဦးမြို့နယ်များမှ စာရေးဆရာများက မဂ္ဂဇင်းအောင်မြင်စွာထုတ်ဝေနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားမည့်အကြောင်းများ ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)