လားရှိုးမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အ.ထ.က(၂)၏ ကျောင်းကောင်စီကတိသစ္စာခံယူပွဲ ကျင်းပ

လားရှိုး ဇွန် ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ၂၀၂၆-၂၀၂၇ပညာသင်နှစ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၏ ကျောင်းကောင်စီကတိသစ္စာခံယူပွဲကို ယမန်နေ့က အဆိုပါ‌ကျောင်း၌ ကျင်းပသည်။

‌‌ရှေးဦးစွာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ငွေကြိုင်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများက နိုင်ငံ‌တော်အလံအားအလေးပြုပြီး “မြန်မာ့ကျောင်း" သီချင်းသံပြိုင်သီဆို၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီးက ကျောင်းကောင်စီအသင်း ဖွဲ့စည်းရသည့်ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ကျောင်းကောင်စီအသင်းအလိုက် အသင်းတာဝန်အလံအား ပေးအပ်ခဲ့သည်။

ဆက်လက်၍ ကျောင်းကောင်စီအသင်းခေါင်းဆောင်များမှ ကျောင်းကောင်စီအသင်းကတိသစ္စာခံယူရန် အသင်းများအလိုက် သတင်းပေးပို့ပြီး ကျောင်းကောင်စီသစ္စာအဓိဌာန်အား သံပြိုင်ရွတ်ဆို၍ ကတိသစ္စာခံယူခဲ့သည်။ ယင်းနောက် ကျောင်းကောင်စီအသင်းများမှ ကျောင်းကောင်စီသီချင်းအား သံပြိုင်သီဆို၍ အခမ်းအနားအား ပြီးမြောက်ခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)