ငါန်းဇွန် ဇွန် ၂၃
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟို ဌာန(Community Centre)ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီခွဲက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)တို့ ပူးပေါင်း၍ ချစ်နိုင်(စိတ်ပညာ)၏ “ခေါင်းဆောင်ကောင်း” စာအုပ်ကို လေ့လာဖတ်ရှုပြီး စာဖတ်ဝိုင်းဆွေးနွေးသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက အသိအမြင်ဗဟုသုတ တိုးပွားစေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ဆွေးနွေးပြီး “ခေါင်းဆောင်ကောင်း”စာအုပ်တွင်ပါရှိသည့် “ခေါင်းဆောင်ကောင်း”ခေါင်းစဉ်ဖြင့် ခေါင်းဆောင်လက္ခဏာများ၊ ခေါင်းဆောင်နေရာ တာဝန်ယူရမည့်သူအတွက် ထိရောက်အောင်မြင်ရန် လေ့ကျင့်ထားစေလိုသော အရေးကြီးအချက်များ၊ အနာဂတ်သမိုင်းသစ်ကို လူသစ်၊ အမြင်သစ်၊ အကောင်းအသစ်ဖြစ်အောင် ပြောင်းပစ်နိုင်စေရန် ခေါင်းဆောင်ကောင်းများ လေ့ကျင့်ပျိုးထောင်သွားကြရန် လိုအပ်ကြောင်း ရှင်းလင်း ဆွေးနွေးသည်။
ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)မှ အဖွဲ့ဝင် မောင်ဘုန်းမင်းလင်္ကျာက “အောင်မြင်လိုလျှင် လူတွေအောင်မြင်အောင်ကူညီပါ” ခေါင်းစဉ်ဖြင့် သူတစ်ပါးကို အောင်မြင်အောင် စိတ်ကောင်းစေတနာအရင်းခံဖြင့် ကူညီခဲ့သူများသည် မတိမ်ကော၊ အောင်မြင်လိုလျှင် အောင်မြင်အောင် လူတွေကို စေတနာရှေ့ထားကာ ကူညီပေးပါ၊ မည်သူမဆို ကောင်းကျိုးမုချ ရရှိလိမ့်မည်ဟူ၍လည်းကောင်း၊ အဖွဲ့ဝင် မအေးချမ်းမိုးက “ကိုယ်ရည်ကိုယ်သွေး” ခေါင်းစဉ်ဖြင့် အောင်မြင်မှုမှာ ရှစ်ဆယ်ရာခိုင်နှုန်းက စိတ်ပိုင်းဆိုင်ရာ ဖြစ်တယ်။ နှစ်ဆယ်ရာခိုင်နှုန်းက ကျွမ်းကျင်မှုပိုင်းဖြစ်ကြောင်း၊ သုတေသနပေါင်းများစွာ စနစ်တကျ ပြုလုပ်ပြီးမှ ရထားတဲ့ ဉာဏ်ရည်စစ်ဆေးလွှာ၊ ကိုယ်ရည်ကိုယ်သွေး စစ်ဆေးလွှာ၊ စိတ်ပိုင်းဆိုင်ရာ စစ်ဆေးလွှာတွေဟာ မှတ်ကန်မှု၊ ခိုင်လုံမှု၊ ရှေ့နောက်ညီညွတ်မှု၊ သတ်မှတ်ချက်(Criterias) စံချိန်စံညွှန်း ညီညွတ်မှုတွေ ရှိနေကြကြောင်းကိုလည်းကောင်း “ခေါင်းဆောင်ကောင်း”စာအုပ်ပါ ခေါင်းစဉ်များအလိုက် မိမိတို့ ဖတ်ရှုနားလည်မှုများကို စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသော စာပေဝါသနာရှင်များနှင့်အတူ အပြန်အလှန်ဆွေးနွေးကြရာ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက လိုအပ်ချက်များအား ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)