ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနား-မိုးညှင်း မြန်မာ့မီးရထားပြန်လည်ပြေးဆွဲနိုင်ရေး မိုးညှင်းခရိုင် အတွင်း ရထားလမ်းပိုင်းများနှင့် ဘူတာများ ပြုပြင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး၊ မိုးကောင်းမြို့ရှိ ရေဘေးသင့်ပြည်သူများအား စားသောက်ကုန်များပေးအပ်

မြစ်ကြီးနား ဇွန် ၂၃

ကချင်ပြည်နယ်အတွင်း ဒေသခံပြည်သူများ ခရီးစရိတ်သက်သာစွာဖြင့် သယ်ယူပို့ဆောင်နိုင်ရေးနှင့် သွားလာမှုလွယ်ကူစေရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြန်မာ့မီးရထားအနေဖြင့် မြစ်ကြီးနား-မိုးညှင်းမီးရထားလမ်းပိုင်းအား မြန်မာ့မီးရထား သတ်မှတ်ချိန်မီဖွင့်လှစ်ပြေးဆွဲနိုင်ရေးအတွက် ပြုပြင်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့နံနက် ၅ နာရီက မိုးညှင်းခရိုင်အတွင်း မီးရထားလမ်းပိုင်းများနှင့် ဘူတာများ ပြုပြင်ဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များသည် မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ နန်းမားကျေးရွာသို့ ဆက်လက်သွားရောက်ပြီး နန်းမားကျေးရွာအတွင်း မြစ်ကြီးနား-မိုးညှင်း မြန်မာ့ မီးရထား ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် နန်းမာဘူတာ ပြုပြင်ဆောင်ရွက်နိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြ ပြီး နန်းမားနှင့် မြို့သစ်ကလေးဘူတာကြား မိုင်တိုင် ၆၄၂/၁၇-၁၈ ရှိ တံတားအမှတ် (၆၁၁) ပျက်ဆီးနေမှု အား သံဘောင်ထည့်သွင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ထောက်တိုင်ပြုလုပ်ထည့်သွင်းပြီး ဇလီဖားလဲလှယ်ခြင်းနှင့် သံလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် တံတားချဉ်းကပ်သံလမ်း တစ်လျှောက် သစ်ပင်ခြုံနွယ်များ ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဝန်ထမ်းများနှင့် လုပ်အားပေးအဖွဲ့များအတွက် ချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကြသည်။

ယင်းနောက် အဆိုပါ နန်းမားနှင့် မြို့သစ်ကလေးဘူတာကြား မိုင်တိုင် ၆၄၅/ ၁၀-၁၁ ရှိ တံတား အမှတ် ၆၁၅ အား သံဘောင်နှင့် သံလမ်းခင်းခြင်းလုပ်ငန်းများ ပြုပြင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ထိုမှတစ်ဆင့် ဟိုပင်မြို့၊ ဟိုပင်ဘူတာသို့ သွားရောက်ပြီး ဟိုပင်ဘူတာအား လှည့်လည်ကြည့်ရှုစစ်ဆေးကာ ရထားပြေးဆွဲချိန်အမီ ဥပဓိရုပ်ကောင်းမွန်ရေးနှင့် ပြုပြင်ဆောင်ရွက်ရန် ကိစ္စရပ်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ကြာကြီးကွင်းကျေးရွာဆိုင်းဘုတ်အနီး ဟိုပင်နှင့် နန်းခွင်ဘူတာအကြား တံတားအမှတ် ၆၂၇ ၌ ရေလည်တိုင်ပြုပြင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် သံဘောင်ထည့်သွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ တံတားချဉ်းကပ် သံလမ်းတစ်လျှောက်တွင် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကို လည်းကောင်း၊ ထိုမှတစ်ဆင့် ဆားမှော်ဘူတာသို့ သွားရောက်ပြီး ဆားမှော်ဘူတာနှင့် ပတ်ဝန်းကျင်တွင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ မီးရထားပြေးဆွဲပါက အသင့်ပြုပြင် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဘူတာအဝင်နှင့် အထွက်တို့ရှိ သံလမ်းများကျောက်ဖြည့်ခြင်း၊ ဇလီဖားများ မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဒေသခံကျေးရွာ နေပြည်သူများနှင့် ဘူတာ၌တွေ့ဆုံကာ ရထားလမ်း အမြန်ဆုံးပြေးဆွဲပြေးနိုင်ရေး ပြုပြင်ဆောင်ရွက်နေမှုများနှင့် လာမည့်ဇူလိုင်လအတွင်း ပြေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းပြောကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာ့မီးရထား မြစ်ကြီးနား-မိုးညှင်းလမ်းပိုင်း ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် ရထားလမ်းပိုင်း ပြုပြင်ဆောင်ရွက်ခြင်းလုပ်ငန်းကို မိုးညှင်း-မြစ်ကြီးနား စုစုပေါင်းခရီးမိုင် (၈၉)မိုင်ရှိသည့်အနက် မိုး ကောင်း-မြစ်ကြီးနား (၃၆ ဒဿမ ၇၅) မိုင်သည် ပုံမှန်အတိုင်း ပြေးဆွဲလျက်ရှိသည့်အတွက် ကျန်ရှိသည့် မိုးကောင်းမှ မိုးညှင်းထိ (၅၂ ဒဿမ ၂၅) မိုင်အား ၂၀၂၆ ခုနှစ်၊ မတ်လ ၂၃ ရက်မှ စတင်ပြုပြင်ဆောင်ရွက် လျက်ရှိပြီး ယခုအခါ လမ်းပိုင်းအတွင်း ဘူတာ (၄) ခု ပြုပြင်ဆောင်ရွက်ထားနိုင်ခဲ့ပြီး တံတားတိုင်များ၊ သံ ဘောင်ထည့်သွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ကြောင်းနှင့် သတ်မှတ်ကာလအတွင်း ရထားလမ်းပိုင်းအား ဖွင့်လှစ်၍ ပြေးဆွဲနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း မြန်မာ့မီးရထားမှ သိရသည်။

ထို့အတူ အဆိုပါ ခရီးစဉ်အတွင်း ပြည်နယ်ဝန်ကြီးချုပ်သည် မိုးကောင်းမြို့၌ ဒေသတွင်း မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းခဲ့မှုကြောင့် နန့်ရင်းချောင်းနှင့် နန့်ကောင်းချောင်းရေသည် မိုးကောင်းမြို့၌ ဇွန် ၂၀ ရက်မှ ၂၂  ရက်နေ့အတွင်း စိုးရိမ်ရေအမှတ် ၆၀၀ စင်တီမီတာအထက်သို့ ရောက်ရှိခဲ့သဖြင့် မြို့ပေါ် ရပ်ကွက်များ၊ ကျေးရွာအုပ်စုများရှိ လူနေအိမ်များတွင် ချောင်းရေများ ဝင်ရောက်ခဲ့သဖြင့် ပြောင်းရွှေ့ ရန်လိုအပ်သည့် ရေဘေးသင့်ပြည်သူများအား မြို့ပေါ် ဘုန်းတော်ကြီးကျောင်းများနှင့် ဓမ္မာရုံများတွင် ရေဘေးကယ်ဆယ်ရေးစခန်းများဖွင့်လှစ်၍ ကူညီဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါ ပြောင်းရွေ့ကူညီ ကယ်ဆယ်ထားသည့် အိမ်ထောင်စုများအား အလယ်ရပ် မြို့နာမ်ဓမ္မာရုံ၌ တွေ့ဆုံခဲ့ကြပြီး ပြည်နယ်ဝန်ကြီး ချုပ်နှင့် တာဝန်ရှိသူများက ရေဘေးသင့်အိမ်ထောင်စု ၃၂ စုတို့အတွက် ဆန်အိတ်များ၊ ဆီ၊ ကြက်ဥနှင့် ခေါက်ဆွဲခြောက်ဖာများကို ထောက်ပံ့ပေးအပ်ခဲ့ကာ အိမ်ထောင်စုများအား အားပေးအမှာစကား ပြောကြား ခဲ့သည်။

အဆိုပါ ချောင်းရေကြီးမြင့်မှုကြောင့် မိုးကောင်းမြို့နယ်အတွင်းရှီ မြို့ပေါ်ရပ်ကွက်များနှင့် ကျွန်းပင်သာကျေးရွာအုပ်စု၊ ကြာအင်းကျေးရွာအုပ်စု၊ နမ္မတီးမြို့ရှိ မြို့ပေါ်ရပ်ကွက်များအတွင်း ရေဝင်ရောက်ခဲ့ သဖြင့် အိမ်ခြေစုစုပေါင်း ၃၀၈၀ ၊ အိမ်ထောင်စု ၃၁၁၇ စု ရေဘေးသင့်ခဲ့ရပြီး ပြောင်းရွေ့နေထိုင်ရန် လိုအပ် သည့် အိမ်ထောင်စု ၃၂ စုသာ ကယ်ဆယ်ရွေ့ပြောင်းပေးခဲ့ရပြီး အလားတူ ထိုပူး၊ ကြာအင်း၊ လွဲလော၊ ရွာသစ်ရပ်ကွက်၊ ကျွန်းတောရပ်ကွက်အတွင်း တောင်သူ ၃၀၀ ကျော်တို့၏ လယ် ၂၀၀၀ ကျော် ရေကြီးထိ ခိုက်ခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)