မိုင်းယောင်း ဇွန် ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယမန်နေ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ထေရဝါဒဗုဒ္ဓသာသနာပြု(မိုင်းဟန်)ကျောင်း၌ မြို့နယ်အတွင်း ဘေးအန္တရာယ်ကင်းရှင်းစေရန် ပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ခြင်းနှင့် ဆုတောင်းမေတ္တာပို့သခြင်းတို့ဆောင်ရွက်နေမှုအား သွားရောက်ကြည်ညိုပြီး မိုင်းဟန်ကျောင်းဆရာတော်ထံ အာရုဏ်ဆွမ်း၊ နေ့ဆွမ်းများအတွက် အလှူငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိူးမည့် ဝမ်ဘိုးကျေးရွာအုပ်စုနှင့် ဝမ်မန်းကျေးရွာအုပ်စုချင်းဆက်လမ်းနေရာအား သွားရောက်ကြည့်ရှုပြီး ခရိုင်ထွေ/အုပ်ရုံး၌ စိုက်ပျိုးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဗလမင်းထင်ခန်းမ၌ ပြည်သူ့စစ်မှုထမ်းနှင့်အခြေခံစာတတ်မြောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်သည်။ ယင်းနောက် မြို့နယ်မိခင်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မျိုးအေးချိုနှင့်အတူ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်နှင့် အမှတ်(၈)ရပ်ကွက်တို့၌ အခြေခံစာတတ်မြောက်ရေး သင်ကြားနေမှုအားသွားရောက်ကြည့်ရှုပြီး ဗလာစာအုပ်များပေးအပ်ခြင်း၊ မုန့်၊ အချိုရည်၊ ကော်ဖီ၊ လက်ဖက်ရည်တို့ဖြင့် ဧည့်ခံကျွေးမွေးခြင်းတို့ကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း