ထားဝယ်မြို့၌သူနာပြုသိပ္ပံ(ထားဝယ်)၊အပတ်စဉ်(၃၃)သင်တန်းသား/သင်တန်းသူများအား ဂျူတီကုတ်နှင့်ဦးဆောင်းအပ်နှင်း

ထားဝယ်    ဇွန် ၂၃

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုသိပ္ပံ(ထားဝယ်)၊ အပတ်စဉ်(၃၃)သင်တန်းသား/သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်းအခမ်းအနား ကို ယနေ့နံနက် ၈ နာရီက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့သူနာပြုသိပ္ပံ(ထားဝယ်)ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးရန်ကြီးအောင်က မြန်မာနိုင်ငံ ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် အလွန်အရေးပါသော သူနာပြုဆရာ/ဆရာမများအဖြစ်မွေးထုတ်မည့် သူနာပြုဆရာ/ဆရာမလောင်းလျာများအတွက် အရေးကြီးသည့် ဂုဏ်ယူဖွယ်အခမ်းအနားတစ်ခုဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သည့် ဆေးဘက်ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ရှားပါးလာခြင်းကို ကျော်လွှားနိုင်ရန်နှင့် ပြည့်စုံကောင်းမွန်သောပြုစုစောင့်ရှောက်မှုပေးနိုင်ရန်အတွက်သာမက နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှုများ အရှိန်မြှင့်တင်မှုလုပ်ငန်းစဉ်များထဲတွင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် မွေးထုတ်မှု၊ အသုံးချမှု၊ နေရာချထားမှု၊ စီမံခန့်ခွဲမှုများကို စနစ်တကျဆောင်ရွက်ခြင်းနှင့် အရည်အသွေးပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များအား နိုင်ငံတော်၏လိုအပ်ချက်နှင့် အညီလုံလောက်စွာ မွေးထုတ်ခြင်းဟူ၍ ရည်မှန်းချက်ထားရှိခဲ့ကြောင်း၊ သူနာပြုသိပ္ပံက မွေးထုတ်ပေးလိုက်သော သူနာပြု-သားဖွားများသည် အရည်အသွေးပြည့်ဝမှသာ ပြည်သူလူထုကို သူနာပြုစုမှု အရည်အသွေးပြည့်ဝစွာ စောင့်ရှောက်မှုပေးနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်က အရည်အသွေးပြည့်မီသော ကျန်းမာရေးစောင့်ရှောက်မှုနှင့် အဆင့်အတန်းမြင့်မားစေရေး ဆောင်ရွက်ရာတွင် ပြည်သူများအားထားရသည့် အရည်အချင်းရှိပြီး ဘက်စုံတော်သော သူနာပြုကောင်းများ ထွက်ပေါ်လာအောင် လေ့ကျင့်မွေးထုတ်ပေးလျက်ရှိကြောင်း၊ မိမိတို့သူနာပြုအသက်မွေးဝမ်းကျောင်းပညာရပ်တိုးတက်စေရေးအတွက် အတတ်ပညာနှင့်ကျွမ်းကျင်မှုသာမက ကျင့်ဝတ်သိက္ခာများညီညွတ်ပြီး ခံယူချက်ကောင်းသော သူနာပြုများဖြစ်ရန်လည်း လွန်စွာမှအရေးကြီးကြောင်း၊ မိမိတို့၏ အသက်မွေးဝမ်းကျောင်းအတတ်ပညာရပ်ဖြစ်သော သူနာပြုပညာရပ်ကို မွန်မြတ်သောလုပ်ငန်းအဖြစ် ရေရှည်အောင်မြင်စေရန်အတွက် အထူးအလေး ထားကြိုးစားဆောင်ရွက်ကြရန်နှင့် ဖလောရင့်နိုက်တင်ဂေးကဲ့သို့ စံပြသူနာပြုများ ပေါ်ထွန်းလာပါစေကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးများက သင်တန်းသား/ကျောင်းသူများအား ပညာရည်ချွန်ဆုချီးမြှင့်ပြီး စား‌သောက်ဖွယ်ရာများပေးအပ်ကာ ကျောင်းအုပ်ကြီးဒေါ်သင်းသင်းလှိုင်နှင့် တာဝန်ရှိသူများက အပတ်စဉ် (၃၃) သင်တန်းသား/ သင်တန်းသူ (၈၀)အား ဂျူတီကုတ်နှင့်ဦးဆောင်း အပ်နှင်းသည်။

ဆက်လက်၍ ကျောင်းအုပ်ကြီးက (Coating and Capping)နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျောင်းအုပ်(စီမံ)နှင့် ကျောင်းအုပ်(သင်ကြား)တို့ထံမှ လက်ဆင့်ကမ်းဆီမီးတိုင်များကိုထွန်းညှိကာ  သင်တန်းသား/ သင်တန်းသူများက သူနာပြုသစ္စာအဓိဋ္ဌာန်ရွတ်ဆိုခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)