တာချီလိတ် ဇွန် ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက မြို့ဝင်မုခ်ဦး ဟောင်လိတ်လမ်းဆုံအနီး၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် အမှတ် (၁၂၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စု (တာချီလိတ်) မှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ရဲသူရသန့်ဇော် ဦးဆောင်သော တပ်ဖွဲ့ဝင်များက နံနက်ကျောင်းတက်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ လမ်းကူးသွားလာရာ၌ အဆင်ပြေချောမွေ့စေရေးနှင့် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးတို့အတွက် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ပြီး ဟောင်လိတ်လမ်းဆုံအနီး ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာနေသော မော်တော်ယာဉ်၊ ဆိုင်ကယ်များအား သတ်မှတ်နံပါတ်ပြားများ တပ်ဆင်အသုံးပြုထားခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ စည်းကမ်းမဲ့ယာဉ်များအား စိစစ်ခြင်းနှင့် အများပြည်သူ စိတ်အနှောင့်အယှက်ဖြစ်စေသည့် ပါဝါအိတ်ဇောများ တပ်ဆင်မောင်းနှင်ခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် မောင်းနှင်သူများအား ယာဉ်အန္တရာယ် ကင်းရှင်းစေရေးနှင့် ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းစေရေးအတွက် အသိပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း