ပျော်ဘွယ်မြို့နယ်၌ ပျားမွေးမြူရေးပြည်သူအသိပညာပေးသင်တန်းဖွင့်လှစ်

ပျော်ဘွယ် ဇွန် ၂၃

စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ ပျော်ဘွယ်မြို့နယ်တွင် ပျားမွေးမြူရေး ပြည်သူပညာပေးသင်တန်းကို ဇွန် ၂၃ ရက် မွန်းလွဲ ၁ နာရီခွဲက ရွှေညောင်ဖူး ကျေးရွာ၌ ကျင်းပသည်။

သင်တန်းတွင် မန္တလေးတိုင်းဒေသကြီး ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲတာဝန်ခံ ဦးသိန်းကိုက ဆီထွက်သီးနှံနှင့် အခြားသီးနှံများအထွက်တိုးစေရန် ဝတ်မှုန်ကူးဝန်‌ဆောင်မှုကို တိုးမြှင့်ဆောင်ရွက်ရန်၊ ပျားများကိုစနစ်တကျ မွေးမြူတက်စေရန်နှင့် ပျားရည်နှင့်ပျားထွက်ပစ္စည်းများကို စနစ်တကျထုတ်လုပ်နိုင်ရန် ဖွင့်လှစ်ခြင်းဖြစ်ကြောင်းကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ်တာဝန်ခံ ဦးဇော်မင်းထွန်းက ပျားမွေးမြူရေးသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ တာဝန်ရှိသူများက အခမ်းအနားသို့တက်ရောက်လာသည့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မြင့်ထွေးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများကို ပျားရည်နှင့်ထွက်ကုန်ပစ္စည်းများ၊ ပျားမွေးမြူမှုနည်းစနစ်များအား ရှင်းလင်းပြသခဲ့ကြောင်း၊ အဆိုပါ ပျားမွေးမြူရေးပြည်သူပညာ‌ပေးသင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၂၀ တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ သုံးရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)