လင်းခေးခရိုင်လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

လင်းခေး ဇွန် ၂၃

လူငယ်လူရွယ်များ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်လျက် ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရ သည်။

အဆိုပါဟောပြောပွဲတွင် လင်းခေးမြို့မရဲစခန်းမှူး ဒုတိယရဲမှူးခင်ရွှေက လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ၊ မူးယစ်ဆေးဝါးစတင်ပေါ်ပေါက်လာခဲ့ပုံ၊မူးယစ်ဆေးဝါး ဆိုင်ရာပြစ်မှုပြစ်ဒဏ်များ နှင့် မူးယစ်ဆေးဝါးသုံးစွဲ ခြင်း၏ဆိုးကျိုးများအကြောင်းသိကောင်းစရာတို့ကို အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ ခရိုင်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းမြင့်က လူငယ်နှင့်ရည်မှန်းချက်ပန်းတိုင်ခေါင်းစဉ်ဖြင့် လူငယ်များဘဝတွင် ရည်မှန်းချက်ထားသင့်ကြောင်း၊ အချိန်ကို စနစ်တကျစီမံခန့်ခွဲအသုံးချသင့်ကြောင်းနှင့် မိမိတို့၏ရည်မှန်းချက်များအား အောင်မြင်အောင်ကြိုးစားဆောင်ရွက်သင့်ကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့သည်။ ဟောပြောပွဲအပြီးတွင် တက်ရောက်လာသည့်လူငယ်များက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော လူငယ်အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များအား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။

စိုင်းဇော်လတ်(လင်းခေး)