ကြံခင်း ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ကျော်ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျန်းမာရေးအဆင့်မြှင့်ကျောင်း (မြို့နယ်အဆင့်) ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီခေတ္တဥက္ကဋ္ဌ၊ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊၊ မြို့နယ်ပညာရေးမှူးနှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမ ၁၂၅ ဦး တက်ရောက်ကြသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးကျော်မင်းထက်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာလှထွန်းဇော်တို့က သင်တန်းအဖွင့်ပွဲ အမှာစကားပြောကြားရာတွင် နိုင်ငံသားများရဲ့ ပညာရေးနှင့်ကျန်းမာရေးအဆင့်အတန်းဟာ နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးမှုအနာဂတ်ကို ဆုံးဖြတ်ပေးနိုင်တဲ့အတွက် ကျန်းမာရေးအဆင့် အတန်းမြင့်မားပြီး ဗလငါးတန်နှင့် ပြည့်ဝသော ကျောင်းသားလူငယ်များ ဖြစ်ထွန်းလာစေရေး၊ ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အသိပညာဗဟုသုတများ ပြည်သူလူထုအတွင်းတိုးပွားလာစေရေး၊ ကျန်းမာရေးနှင့် ညီညွတ်သည့် အလေ့အကျင့်ကောင်းများရရှိ ကျင့်သုံးစေရေး၊ သန့်ရှင်းသော ကျောင်းပတ်ဝန်းကျင်ဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေးဖွံ့ဖြိုးတိုးတက်မှုနှင့် သင်ယူမှု စွမ်းရည်မြင့်မားလာစေရေးရည်ရွယ်ပြီး ကျန်းမာရေးအဆင့်မြှင့်ကျောင်းလုပ်ငန်းစဉ်များကို ကျန်းမာရေး ဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာနတို့ လက်တွဲကာ တစ်စိုက်မတ်မတ် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး(ပူးတွဲတာဝန်) ဆရာကြီး ဦးမောင်မောင်အေးက မြို့နယ်အဆင့် သင်တန်းဖွင့်လှစ် ပို့ချရခြင်းဖြစ်တဲ့အတွက် ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများက သင်တန်းမှ ပို့ချသော ဘာသာရပ်များကို သေချာလေ့လာ၍ မိမိကျောင်းရှိ ဆရာ၊ ဆရာမများကို ပြန်လည်မျှဝေကာ ကျန်းမာရေး အဆင့်မြှင့်ကျောင်းများအဖြစ် လက်တွေ့လုပ်ဆောင်သွားကြရန် တိုက်တွန်းပြောကြား ခဲ့သည်။
ထို့နောက် သင်တန်းအားဆက်လက်ပို့ချရာခဲ့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးအေးနိုင် (သူနာပြု-ဦးစီးအရာရှိ)က ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအား Power Point ဖြင့် ဆွေးနွေးပို့ချလျက်ရှိသည်။ အဆိုပါသင်တန်းကို ကြံခင်းမြိနယ် အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းတို့မှ သင်တန်းသား၊ သင်တန်းသူ ၁၂၅ တက်ရောက်သင်ကြား လျက်ရှိကြကြောင်းသိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)