မော်လမြိုင်ကျွန်း ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပုတီးရိုးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ယနေ့နေ့လယ်ပိုင်းက တောင်သူများ၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အရည်အသွေးမြင့်မားလာစေရန်၊ ထုတ်လုပ်မှုစွမ်းအား တိုးတက်စေရန်နှင့် သက်ဆိုင်ရာဌာနများ၏ နည်းပညာများကို လက်တွေ့အသုံးချ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ တောင်သူများအား နည်းပညာပေးဆွေးနွေးပွဲကို ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးက အဖွင့်အမှာစကား ပြောကြားရာတွင် ဒေသ၏စိုက်ပျိုးမွေးမြူရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူများအနေဖြင့် ဌာနဆိုင်ရာများ၏ နည်းပညာနှင့် အကြံပြုချက်များကို အလေးထားလိုက်နာ ကျင့်သုံးကာ အရည်အသွေးမြင့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးကို ဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပြီးနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဟေမာန်ကျော်ဝင်းက သီးနှံအထွက်နှုန်း တိုးတက်ရန်၊ ကောင်းမွန်သော စိုက်ပျိုးရေး အလေ့အကျင့်များ၊ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်သော စိုက်ပျိုးရေးနည်း စနစ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဖြူဖြူဝင်းက မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ ဇီဝလုံခြုံရေးဆိုင်ရာ နည်းလမ်းများကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် သမဝါယမဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက မိမိတို့ဌာနအလိုက် တောင်သူများအတွက် အကျိုးပြုမည့် နည်းပညာများ၊ ဝန်ဆောင်မှုအစီအစဉ်များ၊ လုပ်ငန်းဆိုင်ရာ အသိပညာများနှင့် သိရှိလိုက်နာဆောင်ရွက်သင့်သည့် အချက်အလက်များကို အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြပြီး နည်းပညာပေးဆွေးနွေးပွဲသို့ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပြီး သက်ဆိုင်ရာဌာနများမှ ရှင်းလင်းဆွေးနွေးသည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)