နေပြည်တော် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ အစည်းအဝေးကျင်းပ

နေပြည်တော် ဇွန် ၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၁) ၌ ကျင်းပပြုလုပ်ခဲ့ရာ နေပြည်တော်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကျင်းရှင်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီအတွင်းရေးမှူးနှင့် တိုင်းအဆင့်ဌာဆိုင်ရာများမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးမှ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ကိစ္စရပ်တွေကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့၊ ယခင်လုပ်ဆောင်ခဲ့တာတွေအပေါ် ပြန်လည်သုံးသပ်ပြီး ပိုမိုတိုးတက်အောင်မြင်စေမယ့် အစီအမံတွေ ဖော်ဆောင်နိုင်ရေးဆောင်ရွက်ရန်၊ မော်တော်ဆိုင်ကယ်တွေအနေနဲ့လည်း သတ်မှတ်ထားသည့် လက်ယာဘက်အစွန်း မျဉ်းဝါကြောအတွင်းမှသာ သွားလာမောင်းနှင်ဖို့ တာဝန်ရှိဌာနအဖွဲ့အစည်းများအနေနဲ့ ပညာပေးစစ်ဆေးကြပ်မတ်မှုတွေကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန်၊ လက်ရှိငလျင်ဒဏ်ကြောင့် ပြန်လည်ပြင်ဆင်လျက်ရှိတဲ့ လမ်းတွေမှာ လမ်းညွှန်း၊ လမ်းအမှတ်အသားနဲ့ ဆေးရေးအမှတ်အသားများကို ပြည့်စုံစွာပြန်လည်ဖြည့်တင်းပေးနိုင်ရေး၊ မော်တော်ဆိုင်ကယ်စီးသူ အားလုံးအရည်အသွေးပြည့်မှီတဲ့ ဆိုင်ကယ်စီးဦးထုပ်မေးသိုင်းကြိုးစနစ်တကျ ဝတ်ဆင်မောင်းနှင်ရေးက အရေးကြီးဆုံးဖြစ်တဲ့အတွက် တာဝန်ရှိဌာနအဖွဲ့အစည်းများအနေနဲ့ Mobile စနစ်မျိုးနဲ့ စစ်ဆေးအရေးယူဆောင်ရွက်ရန်၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီက ချမှတ်ထားတဲ့ Quick Win အစီအမံ (၅) ရပ်ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့လိုသလို တစ်ဖက်မှာလည်း ရန်ကုန်-မန္တလေး အဝေးပြေးလမ်းဟောင်းပေါ်မှာ ယာဉ်ကြီးတွေဟာ လမ်းရဲ့လက်ယာဘက်စွန်းက ကပ်မမောင်းဘဲ လမ်းရဲ့လက်ဝဲဘက်စွန်းလမ်းလယ်မျဉ်းဘက် တက်ရောက်မောင်းနှင်တာတွေ၊ လူပိုတင်ဆောင်မောင်းနှင်တာတွေ၊ မီးမဖွင့်ဘဲမောင်းနှင်တာ၊ မီးမပါဘဲမောင်းနှင်တာ၊ အသံထိန်းကိရိယာဖြုတ်ပြီး မောင်းနှင်တာ၊ ဆူညံသံဖြစ်ပေါ်စေတဲ့ ကိရိယာတပ်ဆင်မောင်းနှင်တာတွေနဲ့ မီးနီဖြတ်မောင်းနှင်တာတွေဟာ ဥပဒေနှင့် မကိုက်ညီတဲ့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများမှ ပူးပေါင်းကြပ်မတ်စစ်ဆေးဆောင်ရွက်အရေးယူသွားရန်နှင့် ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းစေရေး ကြိုးပမ်းဆောင်ရွက်သွားကြပါရန် ပြောကြားခဲ့သည်။

ယင်းနောက် နေပြည်တော်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကျင်းရှင်းရေးကောင်စီ အဖွဲ့ဝင်ဌာနများမှ ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြပြီး နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရှိရသည်။

ထွန်းလင်း