မိုင်းပျဉ်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကောင်စီ ကတိသစ္စာခံယူပွဲ အခမ်းအနားကျင်းပ

မိုင်းပျဉ်း ဇွန် ၂၄

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၆ ခုနှစ် ယမန်နေ့ နံနက် ၉ နာရီက ကျောင်းကောင်စီကတိသစ္စာခံယူပွဲအခမ်းအနားကို အဆိုပါကျောင်းဝင်းအတွင်း၌ ကျင်းပဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ကျောင်းကောင်စီကတိသစ္စာခံယူပွဲ ဆောင်ရွက်ရာတွင် အ.ထ.က ကျောင်းသား၊ ကျောင်းသူများက ကျောင်းကောင်စီသီချင်းကို သံပြိုင်သီဆို၍ အခမ်းအနားစတင်ဖွင့်လှစ်သည်။ ထို့နောက် ကျောင်းကောင်စီဥက္ကဋ္ဌ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာခိုင်က အဖွင့်အမှာစကားပြောကြားပြီး၊ ကျောင်းကောင်စီ ဒုတိယဥက္ကဋ္ဌက အမှုဆောင်အဖွဲ့အမည်စာရင်းများကို ဖတ်ကြားသည်။ ဆက်လက်၍ ကျောင်းကောင်စီအမှုဆောင်အဖွဲ့နှင့် ကျောင်းသား၊ ကျောင်းသူများအားလုံးက ကတိသစ္စာခံယူကြခြင်း၊ ကျောင်းကောင်စီဥက္ကဋ္ဌက တာဝန်အထိမ်းအမှတ်အလံများ ပေးအပ်ရာ အသင်းအလိုက် အဖွဲ့ခေါင်းဆောင်များက လက်ခံရယူကြခြင်း၊ ကျောင်းကောင်စီအမှုဆောင်အဖွဲ့နှင့် ကျောင်းသား၊ ကျောင်းသူများအားလုံးက နိုင်ငံတော်သီချင်းအား စုပေါင်းသံပြိုင်သီဆိုခြင်း စသဖြင့်အစီအစဉ်များအတိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါမိုင်းပျဉ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းအုပ်ဆရာမကြီးအပါအဝင် ဆရာ၊ ဆရာမဦးရေ (၂၉) ဦးတို့က ပညာသင်ကြားပေးလျက်ရှိပြီး၊ ပညာသင်ကျောင်းသား၊ ကျောင်းသူဦးရေ စုစုပေါင်း (၉၉၀) ဦးရှိရာ ၄င်းကျောင်းကောင်စီကတိသစ္စာခံယူပွဲအခမ်းအနားသို့ အားလုံးစုံလင်စွာ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နန်းသန္တာဦး