ပင်လောင်းမြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲကျင်းပ

ပင်လောင်း ‌ဇွန် ၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုတို့ ပူးပေါင်းကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကို ‌ဇွန်လ (၂၂) ရက်နေ့က လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့သည်။

ပြိုင်ပွဲတွင် ပင်လောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့်ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူ ခုနှစ်ဦးက မူးယစ်ဆေးဝါးပပျောက်ရေးဒို့အရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်ပြိုင်ပွဲဝင် (၃၆) ဦးက မူးယစ်ရှောင်ရှားပြည်သူများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူလတန်းအဆင့်ပြိုင်ပွဲဝင် (၁၉) ဦးက ရှောင်လေဝေးဝေးမူးယစ်ဆေး ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် မွန်းလွဲ ၂ နာရီအချိန်က ဆုချီးမြှင့်ခြင်းအခမ်းအနား ဆက်လက်ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး ရဲမှူးစိုးမိုးထွန်းက အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မူမြစောက ပြိုင်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး ရဲမှူးစိုးမိုးထွန်း၊ မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု ရဲမှူးဝင်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်ခဲ့ကြပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်၊ နံရံကပ်ဓာတ်ပုံများကို ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)