တပ်ကုန်းမြို့၌ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့များ အသိပညာပေး ဆင့်ပွားသင်တန်းဖွင့်

တပ်ကုန်း ဇွန် ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာကြီးကြပ်ရေးအဖွဲ့များ အသိပညာပေးဆင့်ပွားသင်တန်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါသင်တန်းတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ဝင်များအနေဖြင့် မိမိ ရပ်ကွက်၊ ကျေးရွာများအတွက် သမာသမတ်ကျစွာနှင့် ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ မှန်ကန်စွာဆောင်ရွက်တတ်ရေး၊ ပြည်သူများလေးစားသော အုပ်ချုပ်ရေးမှူးများ ရွေးချယ်တင်မြောက်နိုင်ရေး ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်ဥပဒေရုံးမှ ဥပဒေအရာရှိ ဦးဗန်လာလ်တလွန်းက ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းနှင့် ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေများကို ရှင်းလင်းသင်ကြားပေးခဲ့သည်။

အဆိုပါသင်တန်းသို့ ဥတ္တရခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းဆိုင်ရာကြီးကြပ်ရေးအဖွဲ့ဝင် ၂၆၀ ဦးနှင့်ရပ်ကွက်၊ ကျေးရွာစာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တင်စိုးလွင်