ဒေးဒရဲမြို့၌ လူငယ်နှင့်မူးယစ်အန္တရာယ်ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပ

ဒေးဒရဲ ဇွန် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်များအား ကြိုတင်သတိထားရှောင်ရှားနိုင်စေရေးရည်ရွယ်၍ လူငယ်နှင့်မူးယစ်အန္တရာယ်ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းအား ယမန်နေ့နံနက် (၁၀) နာရီအချိန်က‌ အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးအောင်မြင့်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က လူငယ်နှင့် မူးယစ်အန္တရာယ်ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လူငယ်နှင့်မူးယစ်အန္တရာယ်ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းအား မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးပိုထွန်း၊ မြို့နယ်ဥပဒေအရာရှိ ဦးရဲမြင့်ခိုင်၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ခိုင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးမှူးအဆင့် (၁) ဦးကျော်စွာဝင်းတို့က လူငယ်များ သတိထားရှောင်ကျဉ်ရမည့် မူးယစ်ဆေးဝါးအန္တရာယ်များ၊ မူးယစ်ဆေးဝါးအမျိုးအစားများနှင့် ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ချမှတ်ခံရမည့် ပြစ်မှု၊ ပြစ်ဒဏ်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် ကျောင်သား၊ ကျောင်းသူများက သိရှိလိုသည်များအားမေးမြန်းခဲ့ရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ပြည်သူ့စကားဝိုင်းသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ကျောင်းသား၊ ကျောင်းသူ (၄၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရပြီး အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ သုတ၊ ရသစာအုပ်စာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်များအား ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

အေဇာလင်း