တပ်ကုန်း ဇွန် ၂၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) ကျပန်း၊ ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲ၊ ဟောပြောပွဲဆုချီးမြှင့်ပွဲနှင့် ပြပွဲများကို ယမန်နေ့နံနက်ပိုင်းက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ ပြည်သာနိုင်ဓမ္မာရုံတွင်ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က ပြိုင်ပွဲများကျင်းပရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီးနောက် ကျပန်း၊ ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲများတွင် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က မူးယစ်ဆေးဝါးအန္တရာယ်သိကောင်းစရာများ၊ တပ်ကုန်းမြို့မရဲစခန်းမှ ဒုရဲအုပ်အိရွှေစင်က မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာဥပဒေများ ရှင်းလင်းဟောပြောခဲ့ပြီးနောက် ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သိင်္ဂီဦး၊ ဒုရဲအုပ် အိရွှေစင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးသီနိုင်၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာမ သင်းသင်းလှိုင် (သင်းသင်းလှိုင်-တပ်ကုန်း)၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် စာရေးဆရာ မျိုးမြင့် (အောင်လံ) နှင့်တာဝန်ရှိသူများက ကျပန်း၊ ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် ဇွန် ၂၂ ရက်နေ့က ကျင်းပခဲ့သည့် စာစီစာကုံး၊ ပန်းချီပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆု ရရှိသော ကျောင်းသား၊ ကျောင်းသူများအား အသီးသီးဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
ပြိုင်ပွဲများအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး၊ သဘာဝဘေးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင် များနှင့် စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရ သည်။
တင်စိုးလွင်