ထားဝယ် ဇွန် ၂၄
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုသိပ္ပံ (ထားဝယ်)၊ အပတ်စဉ် (၃၃) သင်တန်းသား/သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၈) နာရီအချိန်က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ သူနာပြုသိပ္ပံ (ထားဝယ်) ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ရန်ကြီးအောင်က မြန်မာနိုင်ငံ ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် အလွန်အရေးပါသော သူနာပြု ဆရာ/ဆရာမများအဖြစ် မွေးထုတ်မည့်သူနာပြု ဆရာ/ဆရာမလောင်းလျာများအတွက် အရေးကြီးသည့် ဂုဏ်ယူဖွယ်အခမ်းအနားတစ်ခုဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သည့် ဆေးဘက်ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ရှားပါးလာခြင်းကို ကျော်လွှားနိုင်ရန်နှင့် ပြည့်စုံကောင်းမွန်သော ပြုစုစောင့်ရှောက်မှုပေးနိုင်ရန်အတွက်သာမက နိုင်ငံတော်၏ပြုပြင်ပြောင်းလဲမှုများ အရှိန်မြှင့်တင်မှုလုပ်ငန်းစဉ်များထဲတွင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် မွေးထုတ်မှု၊ အသုံးချမှု၊ နေရာချထားမှု၊ စီမံခန့်ခွဲမှုများကို စနစ်တကျဆောင်ရွက်ခြင်းနှင့် အရည်အသွေးပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များအား နိုင်ငံတော်၏လိုအပ်ချက်နှင့်အညီ လုံလောက်စွာမွေးထုတ်ခြင်းဟူ၍ ရည်မှန်းချက်ထားရှိခဲ့ကြောင်း၊ သူနာပြုသိပ္ပံက မွေးထုတ်ပေးလိုက်သော သူနာပြုသားဖွားများသည် အရည်အသွေးပြည့်ဝမှသာ ပြည်သူလူထုကို သူနာပြုစုမှု အရည်အသွေးပြည့်ဝစွာ စောင့်ရှောက်မှုပေးနိုင်မှာဖြစ်ကြောင်း၊ နိုင်ငံတော်က အရည်အသွေးပြည့်မီသော ကျန်းမာရေးစောင့်ရှောက်မှုနှင့် အဆင့်အတန်း မြင့်မားစေရေး ဆောင်ရွက်ရာတွင် ပြည်သူများအားထားရသည့် အရည်အချင်းရှိပြီးဘက်စုံတော်သော သူနာပြုကောင်းများထွက်ပေါ်လာအောင် လေ့ကျင့်မွေးထုတ်ပေးလျက်ရှိကြောင်း၊ မိမိတို့သူနာပြုအသက်မွေးဝမ်းကျောင်းပညာရပ်တိုးတက်စေရေးအတွက် အတတ်ပညာနှင့် ကျွမ်းကျင်မှုသာမက ကျင့်ဝတ်သိက္ခာများညီညွတ်ပြီး ခံယူချက်ကောင်းသော သူနာပြုများဖြစ်ရန်လည်း လွန်စွာမှ အရေးကြီးကြောင်း၊ မိမိတို့၏အသက်မွေးဝမ်းကျောင်း အတတ်ပညာရပ်ဖြစ်သော သူနာပြုပညာရပ်ကိုမွန်မြတ်သော လုပ်ငန်းအဖြစ်ရေရှည်အောင်မြင်စေရန်အတွက် အထူးအလေးထား ကြိုးစားဆောင်ရွက်ကြရန်နှင့် ဖလော့ရင့်နိုက်တင်ဂေးကဲ့သို့ စံပြသူနာပြုများ ပေါ်ထွန်းလာပါစေကြောင်း အမှာစကားပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက သင်တန်းသား/သူများအား ပညာရည်ချွန်ဆုချီးမြှင့်ပြီး စားသောက်ဖွယ်ရာများပေးအပ်ကာ ကျောင်းအုပ်ကြီး ဒေါ်သင်းသင်းလှိုင်နှင့် တာဝန်ရှိသူများက အပတ်စဉ် (၃၃) သင်တန်းသား/ သင်တန်းသူ (၈၀) ဦးဂျူတီကုတ်နှင့် ဦးဆောင်း အပ်နှင်းခဲ့သည်။
ဆက်လက်၍ ကျောင်းအုပ်ကြီးက (Coating and Capping) နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျောင်းအုပ် (စီမံ) နှင့် ကျောင်းအုပ် (သင်ကြား) တို့ထံမှ လက်ဆင့်ကမ်းဆီမီးတိုင်များကို ထွန်းညှိကာ သင်တန်းသား/ သင်တန်းသူများက သူနာပြုသစ္စာအဓိဋ္ဌာန်ရွတ်ဆိုခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)