အိမ်မဲမြို့တွင် တိရစ္ဆာန်စွန်ပစ်ပစ္စည်းမှ သဘာဝမြေသြဇာပြုလုပ်ခြင်းသင်တန်းဖွင့်

အိမ်မဲ ဇွန် ၂၄

ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်၌ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ပြည်သူ့အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် ကျေးလက်နေတောင်သူများ ခေတ်မီမွေးမြူရေးစနစ်များ ဖွံ့ဖြိုးလာစေရန်နှင့် တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများမှ သဘာဝမြေသြဇာပြုလုပ်ခြင်းသင်တန်းကို အဆိုပါဦးစီးဌာန၏ ရုံးခန်းမ၌ ယမန်နေ့နံနက် (၁၀) နာရီအချိန်က ဆက်လက်ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာတင့်တင့်စိုးက အိမ်မဲမြို့နယ်အတွင်း မွေးမြူသူတောင်သူများ၏ တိရစ္ဆာန်ထွက်စွန့်ပစ်ပစ္စည်းများအား စနစ်တကျစုစည်း၍ သဘာဝမြေသြဇာအဖြစ်ပြုလုပ်သုံးစွဲခြင်းဖြင့် ကုန်ကျစရိတ်လျော့ချနိုင်စေရန်၊ ကျေးလက်နေတောင်သူများအား သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြင့် စီးပွားဖြစ် မွေးမြူထုတ်လုပ်မှု မြှင့်တင်နိုင်ရေး၊ တိရစ္ဆာန်စွန့်ပစ်အညစ်အကြေးများမှ တန်ဖိုးမြှင့်သဘာဝ မြေသြဇာထုတ်လုပ်၍ စိုက်ပျိုးမြေများတွင် ပြန်လည်အသုံးပြုနိုင်စေရန် ရည်ရွယ်ချက်များဖြင့် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါသင်တန်းကို သင်တန်းသား (၂၀) ဦးဖြင့် ဇွန်လ (၂၂) ရက်နေ့မှ (၂၃) ရက်နေ့အထိ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ် (ပြန်/ဆက်)