ကျောက်မဲ ဇွန် ၂၄
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၌ နိုင်ငံတော်၏ ရက် (၁၀၀) လမင်းစီမံချက်အရ ကျောင်းသား၊ ကျောင်းသူများ နိုင်ငံသားတစ်ဦး၏အခွင့်အရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အမှတ် (၈) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) အ.လ.က (၃) ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်ဇော်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများ၏ လက်ဝယ်အရောက် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID လက်မှတ်များကို ပေးအပ်ခဲ့ကြသည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျောက်မဲမြို့နယ်ဦးစီးမှူးက "ရက် ၁၀၀ လမင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအရောက် ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ပြီး ယနေ့တွင် (၁၂၀) ဦးအား ဆောင်ရွက်ပေးခဲ့ကြောင်း၊ စီမံချက်ကာလအတွင်း ကျောက်မဲမြို့နယ်၌ (၉၈၉) ဦးအထိ ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း" ရှင်းလင်းပြောကြားခဲ့သည်။
ယင်းသို့ ကွင်းဆင်းဆောင်ရွက်မှုနှင့်ပတ်သက်၍ ကျောင်းအုပ်ဆရာမကြီး၊ ကျောင်းသား၊ ကျောင်းသူများကလည်း ကျောင်းအထိလာရောက်ဆောင်ရွက်ပေးသည့်အတွက် အချိန်ကုန်သက်သာပြီး ပညာရေးတွင် များစွာအထောက်အကူပြုကြောင်း ပြောကြားခဲ့သည်။
ခရိုင် (ပြန်/ဆက်)