ကျုံပျော် ဇွန် ၂၅
ကျောင်းသားကျောင်းသူများ မူးယစ်ဆေးဝါး၏ ဆိုးကျိုးကို သိရှိပြီးကြိုတင်ရှောင်ရှား နိုင်စေရန်အတွက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ဇွန်လ ၂၄ ရက် နံနက် ၁၀ နာရီက ပြုလုပ်သည်။
ဦးစွာ စာရေးဆရာ သိန်းဇော် (ရွှေလီဦး)က လူငယ်များ မူးယစ်ဆေးဝါးသတိပြုရှောင်ရှားကြရန် အသိပညာပေးဟောပြောပြီး၊ ဒုတိယခရိုင် ကုသရေးဦးစီးမှူးနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာအောင်ဇော်မိုးက မူးယစ်ဆေးဝါး၏ ဆိုးကျိုးများအား ဆေးပညာရှု ထောင့်မှ အသိပညာပေး ပြောကြားသည်။
ထို့နောက် စာရေးဆရာ ဆောင်းနတ်သျှင်(ပညာရေး)က အဆိပ်ပန်းမို့မနမ်းစေလို ခေါင်းစဉ်ဖြင့် လူငယ်များ မူးယစ်ဆေးဝါး ရှောင်ရှားနိုင်ရေးအသိပညာပေး ဟောပြောသည်။ အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် နံရံကပ်စာစောင် ပြသခြင်းများ ဆောင်ရွက် ခဲ့ပြီး၊ ဟောပြောပွဲသို့ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)