ဒေးဒရဲမြို့၌ ၂၀၂၆-၂၀၂၇၊ မိုးစပါးရာသီ၊ Rice Export Zone ဆောင်ရွက်သော တောင်သူများအား  စိုက်ပျိုးစရိတ်ချေးငွေများ ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ဒေးဒရဲ ဇွန် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ Rice Export Zone ဖြင့် ဆောင်ရွက်သော မိုးစပါးစိုက်ပျိုးတောင်သူများအား စပါးအထွက်နှုန်းနှင့် အရည်အသွေးတိုးတက်စေရေးအတွက်  လိုအပ်သော စိုက်ပျိုးစရိတ်များအား ချေးငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ Exporter ကုမ္ပဏီများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဒေးဒရဲမြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်မှ တောင်သူများ သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းကြောင့် အကျိုးအမြတ်များရရှိစေရေး၊ ပန်းတိုင်အထွက်နှုန်း ပိုမိုတိုးထွက်စေရေးနှင့် သီးနှံအရည်အသွေးတိုးတက်ကောင်းမွန်စေရေးအတွက်  လိုအပ်လျက်ရှိသော စိုက်ပျိုးစရိတ်ချေးငွေများအား တောင်သူများ လက်ဝယ်သို့ အချိန်မီထုတ်ချေးပေးနိုင်ရန် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်လင်းဆွေးနွေးခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇင်မောင်မောင်မှ မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးတောင်သူများ တစ်ဦးချင်း ဝင်ငွေတိုးမြင့်စေရန်၊ ပြည်ပပို့ကုန် ဈေးကွက်လိုအပ်လျက်ရှိသော မျိုးများအား စနစ်တကျ စိုက်ပျိုးထုတ်လုပ်ပြီး တိုးမြှင့်တင်ပို့နိုင်ရန်၊ ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်စေပြီး အရည်အသွေးကောင်းမွန်သော ဆန်များ ပြည်ပသို့တင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေ တိုးမြင့်ရရှိစေရန် အဓိကရည်ရွယ်၍  ဤကဲ့သို့ စိုက်ပျိုးစရိတ် ချေးငွေများ ပေးအပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ဒေးဒရဲမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာ Exporter ကုမ္ပဏီများကတောင်သူ (၅၉၀)ဦး၏ မိုးစပါးစိုက်ဧက (၁၈,၂၀၀)အတွက် တစ်ဧကလျှင်(၄၅၀,၀၀၀)ကျပ်နှုန်းဖြင့် ချေးငွေများကို တောင်သူများ လက်ဝယ်ရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

အေဇာလင်း