မိုင်းယု သြဂုတ် ၆
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် နယ်စပ်ဒေသ မိုင်းယုမြို့တွင် မိုးစပါးအထွက်တိုးရေးအတွက် ပိုးမွှား ရောဂါကာကွယ်နှိမ်နင်း ခြင်းကို ယနေ့ နံနက်ပိုင်းက မိုင်းယုစိုက်ပျိုးရေးဦးစီးဌာန၏ မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းနှင့် စမ်းသပ်ကွက်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးစပါးအထွက်တိုးရေး ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရာသို့ စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးစိုးမင်းဦးကျော်နှင့် ဝန်ထမ်းများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးမြတ်စောမင်းနှင့် သစ်တောဦးစီးဌာန တို့ပါဝင်သည့်အဖွဲ့မှ တက်ရောက် ကြည့်ရှု့စစ်ဆေးကြပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူးက စပါးစိုက်ပျိုးရာတွင် မြေဆီလွှာဖွံ့ဖြိုးမှု ရှိ၊ မရှိ သိရှိရန် လိုအပ်ပြီး လိုအပ်ချက်များ ဖန်တီးထည့်သွင်းခြင်း၊ စပါးမျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးခြင်း၊ ရေစနစ်တကျ သုံးစွဲခြင်းနှင့် စပါးအတွက် လိုအပ်သော ရေပမာဏကို ထိန်းသိမ်းနိုင်ခြင်း၊ ပိုးမွှားနှင့် ရောဂါများ၊ ပေါင်းမြက်များ မကျရောက် မဖျက် ဆီးနိုင်ရန် ကြိုတင်ကာကွယ်ခြင်း၊ ရာသီဥတုနှင့်အညီ စပါးပင်အတွက် လိုအပ်သော ပြုစုစောင့်ရှောက်မှုများကို မျက်ခြည်မပြတ် ကြည့်ရှုစစ်ဆေးခြင်းစသည့် မိုးစပါးအထွက်တိုးရေး အထူးဂရုပြုစိုက်ပျိုးရန် မှာကြားကာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ဝန်ထမ်းများ က ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်းလုပ်ငန်းများ လက်တွေ့ဆောင်ရွက်ခဲ့ကြောင်းနှင့် ကျေးရွာများသို့လည်း အချိန်နှင့် အားလျော်စွာ မိုးစပါး အထွက်တိုးရေး အတွက် ကွင်းဆင်းအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ကိုကိုနိုင်(ပြန်/ဆက်)