နေရပ်ပြန်မြန်မာသင်္ဘောသားများ ကော့သောင်းမြို့တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ

ကော့သောင်း  သြဂုတ် ၆

ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်အတွင်း Crew Change ပြုလုပ်ရန် M.T MTM NEWPORT သင်္ဘောပေါ်မှ သင်္ဘောသား (၁၅) ဦးနှင့်  M.T MTM FAIRFIELD ပင်လယ်ကူးသင်္ဘောပေါ်မှ သင်္ဘောသား (၁၉) ဦး စုစုပေါင်း သင်္ဘောသား (၃၄) ဦး Sign off ထွက်လာရာ ယမန်နေ့ ညနေပိုင်းက မြို့မဆိပ်ကမ်းမှတစ်ဆင့် ကော့သောင်းမြို့သို့ ဝင်ရောက်လာပြီး Hotel Quarantine ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

သင်္ဘောများပေါ်မှ Sign off ထွက်လာသည့် အဆိုပါမြန်မာသင်္ဘောသား.(၃၄)ဦးမှာ  ကော့သောင်းမြို့တွင် ကြိုတင် ရောက်ရှိနေသည့် M.T MTM NEWPORT သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ဦးအောင်အောင် ဦးစီးသော သင်္ဘောသား (၁၅) ဦးနှင့် M.T MTM FAIRFIELD သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ဦးသက်ဦးဆွေ ဦးစီး  သော သင်္ဘောသား (၁၉) ဦးတို့ဖြင့်  တာဝန်လွှဲပြောင်းယူခဲ့သူများ ဖြစ်သည်။

သင်္ဘောများပေါ်မှ Sign off ထွက်လာသည့် မြန်မာသင်္ဘောသား (၃၄) ဦးအား  ဆိပ်ကမ်း၌ တာဝန်ရှိဌာနဆိုင်ရာ ပူးပေါင်း အဖွဲ့နှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက လိုအပ်သည့်ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ကာ ကော့သောင်းမြို့ တွင် Hotel Quarantine (၂၁) ရက်ထားရှိပြီး ၎င်းတို့၏ Swb နမူနာများအား ရန်ကုန်အမျိုးသားကျန်းမာရေး ဓာတ်ခွဲ ဌာနသို့ ပို့ဆောင်ဓာတ်ခွဲစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

 ကျော်စိုး(ကော့သောင်း)