လယ်ဝေး ဇွန် ၂၆
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်ပုံပြော၊ ကဗျာရွတ်၊စာစီစာကုံးပြိုင်ပွဲများ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က မူးယစ်ဆေးဝါး၏ ဆိုးကျိုးများအကြောင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာသဇင်မြင့်က မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအကြောင်း အသိပညာပေးဟောပြောသည်။
ထို့နောက် ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပရာ မြို့နယ်ဦးစီးမှူးနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌတို့က မူးယစ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသားကျောင်းသူ ၁၂ ဦးတို့အား ထူးချွန်ဆုများနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ပြီး ပြိုင်ပွဲဝင်ကျောင်းသား ကျောင်းသူများအား လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။ ထို့နောက် မြို့နယ်ရုံးဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေကာ ကျောင်းသားကျောင်းသူလေးများက မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်နှင့် သုတ၊ ရသစာအုပ်၊ စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)