ကျောက်ဆည် ဩဂုတ် ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ ရန်ကုန်-မန္တလေး ကားလမ်း ကြက်မင်းတွန်မီးပွိုင့်တွင် ဖြတ်သန်းသွားလာ နေသော ပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပိုမိုသိရှိနားလည်စေရန် ယနေ့နံနက် ၉ နာရီက ကျောက်ဆည်ခရိုင် အမှတ် (၉၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ကြပ်ကြီး ခင်မောင်စိုး၊ ဒုတပ်ကြပ် အောင်ပိုင်စိုးနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် များသည် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်မောင်းနှင်သူများ အားယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေ (၂၀၂၀) ပြဌာန်းချက်များ၊ မော်တော်ဆိုင်ကယ်စီးသူများနှင့် လမ်းဖြတ် ကူးပါက လိုက်နာရန်အချက်များ၊ ယာဉ်မောင်းနှင့်လိုက်ပါ စီးနင်းသူများ၊ ယာဉ်ပေါ်ပါ အသက်ကယ်ထိုင်ခုံခါးပတ်များ တပ်ဆင်မောင်းနှင်ကြရန်၊ အရှိန်ပြင်းစွာ မောင်းနှင်ခြင်းမပြုကြရန် စသည်အချက်များကို အသိပညာပေးခြင်းများ ဆောင်ရွက်ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၀ပြည့်နှစ်တွင် ယာဉ်မတော်တဆဖြစ်ပွားမှု (၆၉၉) ကြိမ်၊ ဒဏ်ရာရရှိသူ (၉၃၆) ဦး၊ သေဆုံးသူ (၂၇၁) ဦးရှိရာ ကျောက်ဆည်မြို့သည် ရန်ကုန်-မန္တလေးကားလမ်းမပေါ်တွင် တည်ရှိပြီး ပြည်သူများ ဖြတ်သန်း သွားလာမှုများပြားသောကြောင့် ယာဉ်အန္တရာယ်ကင်းရှင်းစေပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းပိုမိုသိရှိနားလည် လိုက်နာဆောင်ရွက်စေရန် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း တပ်ကြပ်ကြီး ခင်မောင်စိုး ပြောကြားခဲ့ကြောင်း သိရသည်။
တင်တင်ထွေး(ပြန်/ဆက်)