ကျောက်ဆည် ဇွန် ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန စုဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ကာကွယ်ဆေးဖြင့်ကာကွယ်၍ရသော ကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်ခဲ့ရာ ကျောက်ဆည်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာရဲဝင်းနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး သင်တန်းကိုဖွင့်လှစ်ခဲ့ရာ ဒေါက်တာရဲဝင်းနိုင်က ကမ္ဘာ့နိုင်ငံများနှင့်မြန်မာနိုင်ငံတို့မှ ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်း အခြေအနေများ၊ (HA-1) ဦးသာဆန်းက ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါ၊ (HA) ဒေါ်နှင်းအိနန္ဒာထက်၊ ဦးနိုင်မင်းဝေ၊ ဦးစောသဲအောင်၊ ဦးသဲပိုင်ကို တို့က ပျော့ခွေအကြောသေလက္ခဏာစုနှင့် ဆုံဆို့နာ၊ ဝက်သက်၊ ဂျိုက်သိုး၊ ကြက်ညှာ ချောင်းဆိုးရောဂါများ၊ ရိုတာဗိုင်းရပ်(စ်)ကြောင့်ဖြစ်သော ဝမ်းပျက်ဝမ်းလျောရောဂါ၊ ခွေးရူးပြန်ရောဂါ၊ ဒေါက်တာဆုဝေမွန်နှင့် ဒေါက်တာမင်းထက်စိုး၊တို့က ဂျပန်ဦးနှောက်ယောင်ရောဂါ၊ မွေးကင်းစမေးခိုင်ရောဂါ၊ ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ကူးစက်ရောဂါများနှင့်ပတ်သက်၍ ဓာတ်ခွဲနမူနာရယူခြင်းနှင့် ဓာတ်ခွဲခန်းသို့ပေးပို့ခြင်း၊ (THA)ဦးကျော်စွာထွန်းက တုံ့ပြန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း၊ ရောဂါစစ်ဆေးခြင်းပုံစံများ ပြည့်စုံစွာ ဖြည့်စွက်ခြင်းဆိုင်ရာ အရေးကြီးပုံ၊ ကာကွယ်ဆေးဖြင့်ကာကွယ်၍ရသော ကူးစက်ရောဂါ အကြောင်းများအား ဆက်လက်သင်ကြားခဲ့ပြီး သင်ခန်းစာများအား ပြန်လည်ဆွေးနွေးခြင်း၊ ဆန်းစစ်မေးခွန်း ဖြေဆိုခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းဖွင့်လှစ်ပေးခြင်းဖြင့် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ကာကွယ်ဆေးဖြင့်ကာကွယ်၍ရသော ကူးစက်ရောဂါများနှင့်ပတ်သက်၍ အသိပညာဗဟုသုများ တိုးပွားခြင်း၊ ကူးစက်ရောဂါများကို အချိန်နှင့်တစ်ပြေးညီ အစီအရင်ခံသတင်းပေးပို့နိုင်ခြင်း၊ ကူးစက် ရောဂါများဖြစ်ပွားပါက စောစီးစွာသိရှိနိုင်စေရန်နှင့် တုံ့ပြန်မှုကိုချက်ခြင်းဆောင်ရွက်နိုင်ခြင်း၊ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း အညွှန်းကိန်းလျာထားချက်များကို ထိန်းသိမ်းတတ်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း ကျောက်ဆည်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာရဲဝင်းနိုင်က ပြောပြသည်။
သက်မောင်(ကျောက်ဆည်)