ငပုတော ဇွန် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ ၂၀၂၆ ခုနှစ် မြို့နယ်အဆင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့ နံနက်ပိုင်းက ငပုတောမြို့နယ်၊ ခရင်ဝါးချောင်းကျေးရွာ အုပ်စု၊ မှော်ဘီကျေးရွာ မြစ်တရာကြိုးဝိုင်းအကွက်အမှတ် (၁၇၃) တွင် ကျင်းပပြုလုပ်သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာန ဦးဇော်မင်းနိုင် မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဒေသခံပြည်သူများထံစိုက်ပျိုးမည့်ပျိုးပင်များအားပေးအပ်ခဲ့ပြီး သတ်မှတ်နေရာအသီးသီးတွင် စုပေါင်းသစ်ပင် စိုက်ပျိုးကြသည်။
ငပုတောမြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရန်၊ ရာသီဥတုမျှတပြီး အပူချိန်ထိန်းညှိပေးရန်၊ သစ်တောသယံဇာတ ရေရှည်တည်တံ့စေရန်၊ ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများအား ထိန်းသိမ်းရန်နှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန်ရည်ရွယ်၍ ၂၀၂၆ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပခြင်းဖြစ်ပြီး သစ်ပင်စိုက်ပျိုးပွဲတွင် ဒေသနှင့် ကိုက်ညီသည့်သစ်မျိုးများ၊ ကြီးမြန်သစ်မျိုးများ၊ ရာသီအလိုက် ဖူးပွင့်နိုင်သည့်သစ်မျိုးများ၊ အဖိုးတန်သစ်မျိုးများဖြစ်သည့် ခရေ၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ မန်ဂျန်ရှား စသည့် သစ်မျိုး (၄) မျိုး၊ စိုက်ပင် (၁၀၀၀) ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)