မြောင်းမြမြို့တွင် နန်းဦးရွှေစေတီတော်မြတ်ကြီးအား ထီးတော်တင် ဆက်ကပ်လှူဒါန်းခြင်းနှင့် ဗုဒ္ဓဘိသေကအနေကဇာတင်ပွဲ အခမ်းအနားကျင်းပ

မြောင်းမြ ဇွန် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင်နန်းဦး ရွှေစေတီတော် မြတ်ကြီးအား ထီးတော်တင်ဆက်ကပ်လှူဒါန်းခြင်းနှင့် ဗုဒ္ဓဘိသေကအနေကဇာတင်ပွဲ အခမ်းအနားကို ယနေ့နံနက် (၈း၃၀) နာရီအချိန်က ကုန်းသာကျေးရွာအုပ်စု၊ မြစိမ်းရောင်သာသနာ့နယ်မြေ၊ နန်းတော်ဦးကျေးရွာ၌ ကျင်းပခဲ့သည်။

အခမ်းအနားကို နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ စတင်ခဲ့ပြီး အဂ္ဂမဟာ ကမ္မဌာနစရိယ ဟံသာဝတီကမ္မဌာန်းကျောင်းတိုက်ဆရာတော် ကဒ္ဒန္တ ဝိစိတ္တသာရ ထံမှ (၅) ပါးသီလခံယူဆောက်တည်ခဲ့သည်။ ဆက်လက်၍ ဆရာတော်ကြီးများက ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်ခဲ့ပြီး သံဃာတော်အရှင်သူမြတ်များထံသို့ မြောင်းမြခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များက ရတနာစိန်ဖူးတော်၊ ရတနာငှက်မြတ်နားတော် အစရှိသည့်လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ် လှူဒါန်းခဲ့သည်။ ထို့နောက် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ဇွန်လေးပန်းနှင့် ဘုံဆင့်ဆင့် ထီးတော်တို့ကို ပင့်ဆောင်၍ စေတီတော်မြတ်ကြီးအား လက်ယာရစ် (၃) ကြိမ်လှည့်လည်ပူဇော်ခဲ့ပြီး မင်္ဂလာအခါတော် အချိန်နာရီရောက်ပါက ပန်းရထားဖြင့် ပင့်ဆောင်တော်မူခဲ့သည်။ ဆက်လက်၍ ကြွရောက်လာကြသည့် ဆရာတော်သံဃာတော်များက နန်းဦးရွှေစေတီတော်မြတ်ကြီးအား ဗုဒ္ဓဘိသေက အနေကဇာတင်ပေးခဲ့ပြီးနောက် အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများအတွက် ရေစက်သွမ်းချအမျှပေးဝေခဲ့သည်။

၎င်းနောက် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားအား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။

ဇေယျာ (ပြန်/ဆက်)