ကော့သောင်းမြို့၌ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာ သင်တန်းအမှတ်စဉ် (၁/၂၀၂၆) ဖွင့်လှစ်

ကော့သောင်း ဇွန် ၂၉

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကော့သောင်းခရိုင် မီးသတ်ဦးစီးမှူးရုံးမှ ကြီးမှူးဖွင့်လှစ်သော သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံ မီးသတ်ပညာသင်တန်းအမှတ်စဉ် (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကော့သောင်းခရိုင်/မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပရာအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ တက်ရောက်သည်။

အဆိုပါဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးနိုင်လင်းထက်က “သီးသန့်မီးသတ်တပ်ဖွဲ့ဝင်ဆိုသည်မှာ စက်ရုံ၊ အလုပ်ရုံ၊ ကားဂိတ်၊ လေဆိပ်၊ ရေဆိပ်၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း၊ စုပေါင်းပိုင်အဆောက်အအုံ၊ ဈေး၊ အလုပ်ဌာန၊ အဖွဲ့အစည်းနှင့် မီးဘေးစိုးရိမ်ရသော လုပ်ငန်းများတွင် မီးသတ်ဦးစီးဌာန၏ ညွှန်ကြားချက်အရဖြစ်စေ၊ ခွင့်ပြုချက်အရဖြစ်စေ ပိုင်ရှင် သို့မဟုတ် စီမံခန့်ခွဲသူက ဖွဲ့စည်းတည်ထောင်ထားသည့် မီးသတ်တပ်ဖွဲ့ကိုဆိုလိုကြောင်း၊

သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များသည် မိမိတို့၏ ကုမ္ပဏီ၊ လုပ်ငန်းများအတွင်း မီးသတိမူရေးနှင့် သက်ဆိုင်သည့်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မီးဘေးကြိုတင် ကာကွယ်တားဆီးရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ မီးငြှိမ်းသတ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ မီးဘေးလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း၊ မီးဘေးအန္တရာယ်၊ အခြားသော ဘေးအန္တရာယ်များ ကျရောက်သည့်အခါတွင်လည်း ကောင်း၊ သက်ဆိုင်ရာမီးသတ်ဦးစီးဌာန၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်သဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့လုပ်ငန်းများ၌ လုပ်ငန်းကျွမ်းကျင်စွာဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် လေ့ကျင့်သင်ကြားပေးရန် လိုအပ်ပါကြောင်း" အမှာစကားပြောကြား၍ သင်တန်းဖွင့်လှစ်ခဲ့သည်။

ဆက်လက်၍ ခရိုင်နှင့်မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များအား အခြေခံမီးသတ်ပညာများ လေ့ကျင့်သင်ကြားပို့ချခဲ့သည်။

အဆိုပါသီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်းအမှတ်စဉ် (၁/၂၀၂၆)ကို ဇွန် ၂၉ ရက်နေ့မှ ဇူလိုင် ၁၀ ရက်‌နေ့ထိ (၂)ပတ်တာ ဖွင့်လှစ်သင်ကြား‌ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)