မြင်းခြံမြို့၌ သီးသန့် မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၆) ဖွင့်လှစ်

မြင်းခြံ ဇွန် ၂၉

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာ သင်တန်းအမှတ်စဉ် (၁/၂၀၂၆) အခမ်း အနားကို ယနေ့နံနက် ၉ နာရီက ခရိုင် မီးသတ်ဦးစီးမှူးရုံးတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းထွန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းထွန်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ထွန်းမြ၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမန်းမြင့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွဋ်တို့က တူညီဝတ်စုံများ ပေးအပ်ရာ သီးသန့် မီးသတ်တပ်ဖွဲ့ဝင်များက အသီးသီးလက်ခံရယူခဲ့ကြသည်။

“ဒီနေ့ ဖွင့်လှစ်တဲ့ သင်တန်းကတော့ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်တွေကို မီးသတ်တပ်ဖွဲ့၏ ရည်ရွယ်ချက်/ရည်မှန်းချက်တာဝန် (၄) ရပ်၊ မီးလောင်မှုအခြေခံ သဘောတရား၊ မီးအတန်း အစားခွဲခြားခြင်း၊ မီးသတ်ပစ္စည်းကိရိယာများအကြောင်း၊ အခြေခံမီးငြှိမ်းသတ်နည်း၊ မီးဘေး ကာကွယ်ရေး၊ အရေးပေါ် မီးငြှိမ်းသတ်ရေးပစ္စည်းကိရိယာများအကြောင်း၊ မီးသတ်ဆေးဘူး လက်တွေ့အသုံးပြုနည်း၊ မီးသတ်ရေပိုက် ကိုင်တွယ်အသုံးပြုနည်း၊ အခြေခံကြိုးချည်နည်း၊ မီးလောင်ခံရသူအာ ရှေးဦးသူနာပြုစုနည်း၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် လုပ်ဆောင်ရမည့် အခြေခံအချက်များကို သင်ကြားပို့ချပေးသွားမှာဖြစ်ပါတယ်”ဟု ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်သက်လှိုင်က ပြောသည်။

အဆိုပါ သီးသန့် မီးသတ်တပ်ဖွဲ့ဝင်များအကြိုအခြေခံမီးသတ်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၆) ကို သင်တန်းသား ၃၅ ဦးဖြင့် သင်တန်းကာလ ဇွန်လ ၂၉ ရက်နေ့မှ ဇူလိုင်လ ၂၄ ရက်နေ့အထိ ရက်သတ္တပတ် ၄ ပတ်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ချစ်ဦးနွေ(မြင်းခြံ)