ထားဝယ်ခရိုင်လူထုအခြေပြုဗဟိုဌာန၌ အခမ်းအနားမှူးသင်တန်း(၂/၂၀၂၆)ဖွင့်လှစ်

ထားဝယ်  ဇွန် ၂၉

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံမှုဖြင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးဆောင်၍ အခမ်းအနားမှူးသင်တန်း (၂/၂၀၂၆)ကိုယနေ့နံနက်ပိုင်းက ထားဝယ်ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

သင်တန်းတွင် တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ယဉ်ယဉ်နုက အခမ်းအနားမှူးဆိုသည်မှာအစည်းအဝေး၊ ဆွေးနွေးပွဲ၊ လှူဒါန်းပွဲ၊ ဖွင့်ပွဲအခမ်းအနား၊ သင်တန်း၊ ဘာသာရေးအခမ်းအနား စသည်များတွင် အခမ်းအနားပြီးစီးအောင် တာဝန်ထမ်းဆောင်ခြင်းကိုအခမ်းအနားမှူးဟုခေါ်ဆိုကြောင်း၊ အခမ်းအနားမှူးသင်တန်းသည်ဌာန ဆိုင်ရာများမှ တက်ရောက်လာသည့်သင်တန်းသားများကို အရည်အချင်းပြည့်ဝသော အခမ်းအနားမှူးကောင်းတစ်ယောက် ဖြစ်လာစေရန်ရည်ရွယ်ပြီး ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ယနေ့ခေတ်တွင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုတိုးတက်လာသည်နှင့်အမျှ ပြည်သူများနှင့် ထိတွေ့ဆက်ဆံရာတွင် အဖွဲ့အစည်း၏ ပုံရိပ်ကောင်းတစ်ရပ် ပေါ်ထွက်လာစေရေးအတွက် အခမ်းအနားကျင်းပမှုများကိုလည်း စနစ်တကျဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် အခမ်းအနားမှူးတစ်ဦး သိရှိလိုက်နာရမည့်အချက်များ၊ ဆောင်ရန်ရှောင်ရန်အချက်များကိုအကျယ်တဝင့် ရှင်းလင်း ဆွေးနွေးပြောကြားသည်။

သင်တန်းတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးတို့က ဌာနဆိုင်ရာ သင်တန်း သား(၃၀) ဦးအား Master of Ceremony (M.C) တစ်ဦးတွင ရှိရမည့် အရည်အချင်းများ၊  အခမ်းအနားမှူး၏ ဝတ်စားဆင်ယင်မှု၊ အသံအနေအထား၊ မိုက်ကရိုဖုန်းနှင့် ပြောဆိုရမည့်နည်းလမ်းများ၊ အသံအဖြတ် အတောက်၊ အနိမ့်အမြင့်၊ စကားလုံးအသုံးအနှုန်းများ စသည်တို့ကို ဇွန် ၃၀ ရက်နေ့အထိ စာတွေ့၊ လက်တွေ့လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်းနှင့် တတိယအကြိမ် သင်တန်းကို  ဇူလိုင် ၂ ရက်​နေ့မှ ဇူလိုင် ၃ရက်​နေ့အထိသင်တန်းသား ၃၀ ဦး ဖြင့်ဖွင့်လှစ်‌မည်ဖြစ်ကြောင်း သိရသည်။

ထားဝယ်ခရိုင်(ပြန်/ဆက်)