မဟာအောင်မြေ ဇွန် ၂၉
မန္တလေးတက္ကသိုလ် Research Methodology with Statistical Analysis သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မန္တလေးတက္ကသိုလ် ၅ ထပ်ဆောင် အခန်း ၂၀၉ တွင် ကျင်းပသည်။
ဦးစွာ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းဇော်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာစိုးဝင်းက သင်တန်းပို့ချရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာစိုးဝင်း ဦးဆောင်၍ ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်နှင့်ဒီဂရီကောလိပ်များတွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ သုတေသနစွမ်းရည် ပိုမိုတိုးတက်လာစေရေး၊ သုတေသနလုပ်ငန်းများ၏ သဘောတရားများ၊ နည်းစနစ်လုပ်ငန်းစဉ်များနှင့် စနစ်တကျခွဲခြမ်း စိတ်ဖြာလေ့လာမှုများပြုလုပ်နိုင်ရေးအတွက် Research Methodology with Statistical Analysis အမှတ်စဉ်(၂) သင်တန်းကို ပို့ချခြင်းဖြစ်ပြီး သင်တန်းကာလကို မန္တလေးတက္ကသိုလ် ၅ ထပ်ဆောင် အခန်း ၂၀၉ တွင် ဇွန် ၂၉ ရက်နေ့မှ ဇူလိုင် ၆ ရက်ထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ သင်တန်းကို အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းဇော်ဦး၊မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာစိုးဝင်း၊ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနေဝင်းဦးနှင့်ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး)များ၊ မန္တလေးမြို့နှင့်စစ်ကိုင်းမြို့ပေါ်ရှိ တက္ကသိုလ်များနှင့်ပညာရေးဒီဂရီကောလိပ်တို့မှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် သင်တန်းတက်ရောက်ကြသည့် ဆရာ၊ ဆရာမများ တက်ရောက်ကြောင်းသိရသည်။
အောင်ဇော်မင်း