ရိခေါ်ဒါရ်မြို့၌ မဲစာရင်းလာရောက်ကြည့်ရှုသူ ၁၅၀၀ ဦးကျော်ရှိ၍ ပုံစံ(၃)ဖြင့် အမည်စာရင်း လျှောက်ထားသူ ၉၀ ဦးရှိ

ရိခေါ်ဒါရ်   သြဂုတ်  ၆

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ဇူလိုင် ၂၅ ရက်မှစ၍ မြို့ပေါ်ရပ်ကွက်နှစ်ခုရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ သုံးထောင်ကျော်၏ အမည်စာရင်းများ ကြေညာစာကပ်ထားလျက်ရှိရာ  သြဂုတ် ၅ ရက်အထိ လာရောက်ကြည့်ရှုသူ ၁၅၀၀ ကျော်ရှိပြီဖြစ်ကြောင်း ရိခေါ်ဒါရ်မြို့ အမှတ်(၁)နှင့် အမှတ်(၂)ရပ်ကွက်၊ ရပ်ကွက်စာရေးများထံမှ သိရသည်။

အဆိုပါ မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာထားရှိမှုအပေါ် သြဂုတ်လ ၅ ရက်အထိ မဲစာရင်းတွင် အမည်စာရင်း မပါရှိပဲ ပုံစံ(၃)ဖြင့် လျှောက်ထားလာသူ ၉၀ ဦး၊ မဲစာရင်းတွင် ပါဝင်ခွင့်မရှိ၍ ပုံစံ(၄)ဖြင့် ကန့်ကွက်လာသူ ၉ ဦးနှင့် အချက်အလက်များ မှားယွင်းခြင်းကြောင့် ပုံစံ (၄-ဂ)ဖြင့် ပြင်ဆင်ပေးရန် လျှောက်ထားလာသူ ၇ ဦးရှိကြောင်း ရပ်ကွက်စာရေးများထံမှ သိရသည်။

ရိခေါ်ဒါရ်မြို့သည် ရပ်ကွက်နှစ်ခုဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ရာ အမှတ်(၁)ရပ်ကွက်တွင် မဲရုံတစ်ရုံ နှင့် မဲဆန္ဒရှင်စာရင်း ၇၆၆ ဦးနှင့် အမှတ်(၂)ရပ်ကွက်၌ မဲရုံ သုံးရုံနှင့် မဲဆန္ဒရှင်စာရင်း ၂၄၀၀ ကျော် ရှိကြောင်း သိရသည်။

ရိခေါ်ဒါရ် (ပြန်/ဆက်)