ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ ဟားခါးမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်သရုပ်ပြခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ဟားခါး  ဇန်နဝါရီ ၂၃

ဟားခါးမြို့နယ် မီးသတ်ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်သရုပ်ပြခြင်းများကို  ယမန်နေ့ မွန်းလွဲ(၁) နာရီက ဟားခါးမြို့၊ ထူးဆန်းသစ်စက်သုံးဆီ အရောင်းဆိုင်နှင့် လမ်းအထူး(၁၀)ရုံးတို့တွင် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ သရုပ်ပြဆောင်ရွက်ရာတွင် ဟားခါးမြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသျှန်နွန်မောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးဆိုင်ရာ ဆောင်ရန်ရှောင်ရန်များကို အသိပညာပေး ဆောင်ရွက်ကြပြီးနောက် မီးလောင်မှုဖြစ်ပွားခဲ့လျှင် အရေးပေါ်မီးငြှိမ်းသတ်နည်းများဖြစ်သည့် အောက်ဆီဂျင် ဖြတ်တောက်၍ မီးငြှိမ်းသတ်နည်းနှင့် မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်နည်းများကို ဇာတ်တိုက်သရုပ်ပြသ ဆောင်ရွက်ပေးခဲ့ကြ သည်။

ထို့နောက်  မြို့နယ်မီးသတ်ဦးစီးမှူး ဦးသျှန်နွန်မောင်နှင့် တပ်ဖွဲ့ဝင်များက ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် နေအိမ်တိုင်းတွင် သဲပုံး၊ မီးပုံး၊ ရေပုံး၊ မီးချိတ်၊ မီးကပ်၊ လှေကားနှင့်မီးသတ်ဆေးဘူးများ အဆင်သင့်ထားရှိရန် လိုအပ်ကြောင်းနှင့် လျှပ်စစ်မီး အသုံးပြုရာတွင် သတိပြုရမည့်အချက်များကို ထပ်ဆင့် ရှင်းလင်းခြင်းများ ဆောင်ရွက် ပေးခဲ့ကြပါသည်။

ဟားခါးမြိုနယ်အတွင်း ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ လက်ရှိအချိန်အထိ မီးလောင်မှု (၁၂)ကြိမ်နှင့်မီးလန့်မှု(၂)ကြိမ်ရှိခဲ့ကြောင်း ဟားခါးမြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသျှန်နွန်မောင်ထံမှ  သိရှိရသည်။

ခရိုင်(ပြန်/ဆက်)