ဒီးမော့ဆိုတွင် ဆေးလိပ်ငွေ့ကင်းစင် ထူထောင်ရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးကျင်းပ

ဒီးမော့ဆို ဩဂုတ် ၆

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်တွင် ဆေးလိပ်ငွေ့ကင်းစင်သော တက္ကသိုလ်များ၊ ကောလိပ်များ၊ အခြေခံ ပညာကျောင်းများ ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စိုးမင်းထွေးက ပြည်နယ်အတွင်းရှိ မြို့နယ်(၇) မြို့နယ်တွင် ဆေးလိပ်ငွေ့ကင်းစင်သည့် နယ်မြေများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး တက္ကသိုလ် များ၊ ကောလိပ်များ၊ သင်တန်းကျောင်းများနှင့် အခြေခံပညာကျောင်းများတွင် အကောင်အထည်ဖော် သွားမည်ဖြစ်ကြောင်း၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများ သုံးစွဲမှုလျော့နည်းကျဆင်းရေးလုပ်ငန်းများတွင် မဟာဗျူဟာကျသော ဆေးလိပ် ငွေ့ကင်းစင်သော ပတ်ဝန်းကျင် ဖော်ထုတ်နိုင်ရေး သက်ဆိုင်ရာ တာဝန်ခံများနှင့် ပူးပေါင်းသွားမည်ဖြစ်ပြီး မြို့နယ်တစ်ခွင် ဆေးလိပ်ငွေ့ကင်းစင် စီမံချက်ပြီးမြောက် အောင်မြင်နိုင်စေရန် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားခဲ့သည်။

ဆက်လက်၍ ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (ရောဂါနှိမ်နှင်းရေးဌာန)မှ ဒေါက်တာ သောင်းလင်းက ဆေးလိပ် ငွေ့ကင်းစင် ရေးလုပ်ငန်းများ အောင်မြင်စေရန် အားဖြည့်ဆောင်ရွက်ရမည့် အချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများက မြို့နယ်အတွင်း ဆေးလိပ်ငွေ့ကင်းစင်သော နယ်မြေများ အကောင်အထည်ဖော် ဆောင်ရွက်နိုင် ရေး ဆွေးနွေးကြသည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ ဌာနဆိုင်ရာများ တာဝန်ရှိသူများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ကျန်းမာ ရေး ဝန်ထမ်းများ  တက်ရောက်ကြကြောင်း သိရသည်။

ရီရယ်(ဒီးမော့ဆို)